ကမ္ဘာဦးကျမ်း အခန်းကြီး (၃၇)


            ၁ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည်၌ နေ၏။ ၂ယာကုပ်အမျိုးအနွှယ်၏ အတ္ထုပ္ပတ္တိများ ဟူမူ ကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ၏မယား ဗိလဟာနှင့်ဇိလပ၏သား တို့နှင့်အတူနေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။ ၃ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကိုရသောကြောင့်၊ အခြားသော သားပေါင်းတို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင် ထူးခြားသော အင်္ကျီကိုချုပ်၍ပေး၏။ ၄အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍၊ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ။

            ၅ယောသပ်သည် အိပ်မက်ကိုမြင်၍၊ အစ်ကိုတို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။ ၆အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်း ဟူမူကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့။ ၇ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကိုစည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ်ကောက်လှိုင်းသည် ထ၍မတ်တပ်နေ သဖြင့်၊ သင်တို့၏ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။ ၈အစ်ကို တို့ကလည်း၊ သင်သည် ငါတို့၌မင်းပြုရလိမ့်မည်လော၊ ငါတို့ကိုအစိုးရလိမ့်မည် လောဟု ပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။

            ၉တဖန် အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကို ရှိခိုးကြ၏ဟု ကြားပြောလေ၏။ ၁ဝထိုသို့ အဘနှင့်အစ်ကို တို့အား ကြားပြော သောအခါ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကိုဆုံးမလေ၏။ ၁၁အစ်ကိုတို့ သည် သူ့ကိုငြူစူကြ၏။ အဘ သည် ထိုအရာကိုမှတ်လေ၏။

            ၁၂အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင်မြို့မှာထိန်းခြင်းငှါ သွားကြ၏။ ၁၃ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာထိန်းကြသည် မဟုတ်လော။ လာပါ။ သင့်ကိုသူတို့ရှိရာသို့ ငါစေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊ ၁၄အဘက သွားပါ၊ အစ်ကိုတို့သည် ချမ်းသာသလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလောဟူ၍ ကြည့်ရှုပြီးလျှင် ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှစေလွှတ်သဖြင့်၊ သူသည် ရှေခင်မြို့သို့ရောက် လေ၏။ ၁၅တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက်သောသူနှင့် တွေ့၍၊ ထိုသူက၊ သင်သည် ဘာကိုရှာသနည်းဟု မေးလျှင်၊ ၁၆အစ်ကိုများကိုရှာ၏။ အဘယ်မှာထိန်းကြသည်ကို ပြောပါဟုဆိုသော်၊ ၁၇ထိုသူက၊ ဤအရပ်မှထွက်သွားပြီး။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန်မြို့မှာတွေ့လေ၏။

            ၁၈အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်တွင်၊ အစ်ကိုတို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊ ၁၉ကြည့်လော့။ အိပ်မက်ဆရာလာပြီ။ ၂ဝကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသောတွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲ တစုံတခု ကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏အိပ်မက်တို့သည် အဘယ်သို့ နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်း ချင်းပြောဆိုကြ၏။ ၂၁ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကိုမသတ်ဘဲ နေကြစို့ဟု ဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ်လေ၏။ ၂၂တဖန် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ဤမည်သော တွင်းထဲ သို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ၍၊ အဘ၌တဖန် အပ်မည်အကြံရှိသည်နှင့် ဆိုလေ၏။

            ၂၃ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သောအခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသော အင်္ကျီကို ချွတ်ပြီးမှ၊ ၂၄သူ့ကို ကိုင်ယူ၍ တွင်းထဲသို့ချကြ၏။ ထိုတွင်း၌ ရေမရှိ၊ သွေ့ခြောက်သော တွင်းဖြစ် သတည်း။ ၂၅ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကို မြင်လျှင်၊ ၂၆ယုဒက ငါတို့သည် ညီကိုသတ်၍သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။ ၂၇ကိုင်ကြ။ ကိုယ်တိုင် မည‡ဉ်းဆဲဘဲ၊ ဣရှမေလလူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုးဖြစ်၏ဟု အစ်ကိုတို့အား ဆိုသည်ရှိသော်၊ ညီအစ်ကိုတို့သည် ဝန်ခံကြ၏။ ၂၈ထိုအခါ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲကဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ်ဆယ် အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ်ကို အဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

            ၂၉ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်၊ မိမိအဝတ်ကို ဆွဲဆုတ် လျက်၊ ၃ဝညီအစ်ကိုတို့ရှိရာသို့ သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့သွားရ ပါမည်နည်းဟု ဆိုလေ၏။ ၃၁သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကို အသွေး၌နှစ်လေ၏။ ၃၂ထိုနောက် မှ၊ အဆင်းထူးခြားသော ထိုအင်္ကျီကိုပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ ဆောင်ခဲ့လျက်၊ ဤအင်္ကျီကို အကျွန်ုပ် တွေ့ပါပြီ။ သား၏အင်္ကျီဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင်၊ ၃၃ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏ အင်္ကျီမှန်၏။ သူ့ကို ဆိုးသောသားရဲ ကိုက်စားပြီ။ အကယ်၍ ယောသပ်ကို အပိုင်းပိုင်း ကိုက်ဖြတ်ပါပြီတကားဟု ဆိုလျက်၊ ၃၄မိမိအဝတ်ကို ဆွဲဆုတ်၍၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာညည်းတွားလျက် နေလေ၏။ ၃၅သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့်စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။ ၃၆ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည်သို့ ဆောင်သွား၍၊ ဖာရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံ တော်မှူး၊ ပေါတိဖာထံမှာ ရောင်းကြ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s