ဇာခရိ အခန်းကြီး(၁၁)


၁အိုလေဗနုန်တောင်၊ သင်၏အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင်၏တံခါးတို့ကို ဖွင့်လော့။ ၂အိုထင်းရှုးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်ဆီးကြပြီ။ အိုဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့်  မြည်တမ်းကြလော့။ ၃သိုးထိန်းတို့သည် မိမိတို့အသရေပျက်သောကြောင့် မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ်၏ဂုဏ်အသရေ ပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက်သော အသံကို ကြားရ၏။ ၄ငါ၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတ်ဘို့ရာထားသော ဤသိုးစုကို ကျွေးမွေး လော့။ ၅ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည်ကို မသိကြ။ ရောင်းစားသောသူတို့ကလည်း၊ ငါရတတ် သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတ်ာမူစေသတည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်းကရုဏာ မရှိကြ။ ၆ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့၎င်း၊ ရှင်ဘုရင်လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည်တပြည်လုံးကို နှိပ်စက် ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည်ဟု မိန့်တော်မူ၏။

၇ထိုသို့သတ်ဘို့ရာထားသော သိုးစုတည်းဟူသော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၄င်း၊ တစင်းကိုအနှောင်အဖွဲ့ဟူ၍၄င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။ ၈သိုးထိန်းသုံးယောက်ကိုလည်း တလတွင်ငါပယ်ဖျက်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သို့သည်လည်း ငါ့ကို ရွံရှာကြ၏။ ၉နောက်တဖန် သင်တို့ကိုငါမကျွေး။ သေသောအကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင်တို့သည် တကောက်ကိုတကောင် စားပါလေစေဟု ငါဆိုလျက်၊ ၁ဝခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကိုယူ၍ ချိုး၏။ ၁၁ထိုပဋိညာဉ်သည် ထိုနေ့၌ ပျက်သောကြောင့် ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။ ၁၂တဖန် ငါက၊ ငါရထိုက်သောအခကို ပေးအံ့သောငှါ၊ သင်တို့သည် အလိုရှိလျှင်ပေးကြလော့။ အလိုမရှိလျှင်မပေးကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့အားအခပေးအံ့သော ငှါ ငွေသုံးဆယ်ကိုချိန်ကြ၏။ ၁၃ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်းသမားရှေ့မှာ ပစ်ချကြလော့။ ငါ့ကိုအဘိုး ပျက်၍ ငွေများလှသည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ်ကိုငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်းသမားရှေ့မှာ ပစ်ချ၏။ ၁၄ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့သော မိဿဟာယကိုဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိသော အခြားတောင်ဝေးကို ငါချိုး၏။

၁၅တဖန် ထာဝရဘုရားက၊ မိုက်သောသိုးထိန်း၏ တန်ဆာတို့ကို သိမ်းယူလော့။ ၁၆အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသောအကောင်ကို မကြည့်မရှု၊ လမ်းလွဲသော အကောင်ကို မရှာ၊ နာသောအကောင်ကို အနာပျောက်စေခြင်းငှါ မပြု၊ ရပ်နေသောအကောင်ကို မမစ၊ ဆူသော အကောင်တို့ကို စားလိမ့်မည်။ သူတို့ခွါကိုလည်း ချိုးဖဲ့လိမ့်မည်။ ၁၇သိုးစုကိုစွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာရှိစေသတည်း။ သူ၏လက်ရုံးနှင့် လက်ျားမျက်စိ၌ ထားဘေးရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အဝင် ခြောက်ကပ်လိမ့်မည်။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။