တရားသူကြီးမှတ်စာ အခန်းကြီး (၉)


၁ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက်၊ ၂ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ ငါသည်သင်တို့၏ အရိုးအသား စစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။ ၃ထိုစကားကိုဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန် ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ည်ီအစ်ကိုဖြစ်သည်ဟု ဆိုလျက်၊ သူ့နောက်သို့လိုက်ချင်သော စိတ်နူးညွတ်သဖြင့်၊ ၄ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှ ထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သောသူတို့ကို ထိုငွေနှင့် ငှါး၍ အမှုကိုထမ်းစေ၏။ ၅တဖန် သြဖရမြို့၌ရှိသော မိမိအဘအိမ်သို့သွား၍၊ မိမိညီအစ်ကို ယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာသတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသား အငယ်ဆုံး ယောသံသည် ပုန်းရှောင်၍ နေသောကြောင့်ကျန်ရစ်သတည်း။ ၆ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသောအထိန်းအမှတ် သပိတ်ပင်အနားမှာ စည်းဝေး၍၊ အဘိမလက်ကိုရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။

၇ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့သွား၍၊ တောင်ပေါ်မှာရပ်လျက် အသံကို လွှင့်၍ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင်နားထောင် တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။ ၈သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကိုခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ၊ ထွက်သွား၍ အကျွန်ုပ်တို့ကိုအုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊ ၉သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကိုပြုစုစရာ၊ ငါ့အဆီအပြားကို ငါသည်စွန့်၍၊ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ ၁ဝတဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊ ၁၁သင်္ဘောသဖန်းပင်က၊ ငါ၌ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွမ်းမိုးရမည်လောဟု ဆို၏။ ၁၂တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊ ၁၃စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့်၍ သစ်ပင်တို့အပေါ်မှာ လွမ်းမိုးရမည်လောဟု ဆို၏။ ၁၄တဖန်ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊ ၁၅ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ၊ ခန့်ထား၍၊ ဧကန်အမှန်ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ် ကိုခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲကမီးထွက်၍ လေဗနုန်အာရဇ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။ ၁၆ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွှယ်အား ကောင်းမွန်စွာပြုကြပြီလော။ ယေရုဗ္ဗာလသည်ကျေးဇူးပြု၍ ခံထိုက်သည် အတိုင်းကျေးဇူး ဆပ်ကြပြီလော။ ၁၇ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကိုမိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။ ၁၈သင်တို့သည် ငါ့အဘ၏ အဆွေအမျိုးတဘက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာသတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သောသားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သောကြောင့်၊ သူ့ကိုရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။ ၁၉ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွှယ်အားသစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍၊ ဝမ်းမြောက် ကြလော့။ အဘိမလက်သည်လည်း သင်တို့ကိုအမှီပြု၍၊ ဝမ်းမြောက်ပါစေ။ ၂ဝသို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက၊ မီးထွက်၍၊ အဘိမလက်ကိုလောင်ပါစေဟု ကြွေးကြော်ပြီမှ၊ ၂၁အလျှင်အမြန်ပြေး၍ အစ်ကို အဘိမလက်ကိုကြောက် သောကြောင့်၊ ဗေရမြို့သို့သွား၍ နေလေ၏။

၂၂အဘိမလက်သည် ဣသရေလအမျိုးကိုအုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊ ၂၃ဘုရားသခင်သည် အဘိမလက် နှင့်ရှေခင်မြို့သားစပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏ သစ္စာကိုဖျက်ကြ၏။ ၂၄အကြောင်းမူကား၊ ယေရုဗ္ဗာလ၏သား ခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ် သည်သူတို့ကို သတ်သော သူတို့ညီအစ်ကို အဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။ ၂၅ရှေခင် မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ၊ လူတို့ကိုတောင်ထိပ်ပေါ်မှာထား၍၊ ထိုသူတို့သည် ခရီးသွားသော အပေါင်းတို့၏ ဥစ္စာကိုလုယူကြ၏။ ထိုသိတင်းကိုလည်း၊ အဘိမလက်သည်ကြား၏။ ၂၆ဧဖက်၏သား ဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ၊ ရှေခင်မြို့ဘက်သို့ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကိုကိုးစားကြ၏။ ၂၇ဥယျာဉ်၌လည်လျက်၊စပျစ်သီးကိုသိမ်းယူလျက် ပျော်မွေ့ခြင်းကိုပြုသဖြင့်၊ မိမိတို့ဘုရား၏ ကျောင်းသို့သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။ ၂၈ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည်အဘိမလက်အမှုကို စောင့်ရမည် အကြောင်း၊ အဘိမလက်ကား အဘယ်သူနည်း၊ ရှေခင်ကားအဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော့။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော့။ ရှေခင်အဘဟာမော်လူတို့၏ အမှုကိုထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့်ထမ်းရမည်နည်း။ ၂၉ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင်၊ အဘိမလက်ကို ငါပယ်မည်ဟူ၍၄င်း၊ အဘိမလက်အား သင်၏ဗိုလ်ခြေများကို ပြင်ဆင်၍ လက်တော့ဟူ၍၄င်း၊ ဆို၏။ ၃ဝဧဗက်၏သား ဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ၊ အမျက်ထွက်၍၊ ၃၁ပရိယာယ်အားဖြင့်အဘိမလတ်ထံသို့ စေလွှတ်လျက်၊ ဧဗက်၏သား ဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူ ရှေခင်မြို့ကိုကိုယ်တော်တဘက်၌မြို့ကိုပြင်ဆင် ကြပါ၏။ ၃၂သို့ဖြစ်၍၊ ညဥ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့် တကွထ၍၊ တော၌ချောင်းမြောင်းလျက်နေတော် မူပါ။ ၃၃နံနက်စောစောနေထွက်စကထ၍ မြို့ကိုတိုက်တော်မူပါ။ ဂါလသည်သူ၌ပါသော လူတို့နှင့် တကွဆီး၍ကြိုသော အခါ၊ အဆင်သင့်သည် အတိုင်းပြုတော်မူပါဟု ကြားလျှောက်ကြလေ၏။

၃၄အဘိမလက်သည် သူ၌ပါသမျှသောလူတို့နှင့်တကွ ညဥ့်အခါထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်လျက်နေကြ၏။ ၃၅ဧဗက်သား ဂါလသည် ထွက်၍မြို့တံခါးဝ၌ ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသောသူတို့နှင့် တကွချောင်းမြောင်းရမှထကြ၏။ ၃၆ဂါလသည် ထိုသူတို့ကိုမြင်လျှင် တောင်ပေါ်မှလူများ ဆင်းလာကြသည်ဟု၊ ဇေဗုလအားဆိုသော် ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ထင်သည်ဟု ပြန်ပြော၏။ ၃၇တဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ်သပိတ်တောလမ်း ဖြင့်လာကြ၏ဟု ပြောဆိုလျှင်၊ ၃၈ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသောနှုတ်သည် ယခုအဘယ်မှာရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့စစ်တိုက်ပါလော့ဟု ဆိုသော်၊ ၃၉ဂါလသည် ရှေခင်မြို့သား တို့ရှေ့မှာ ထွက်၍ အဘိမလက်ကိုတိုက်လေ၏။ ၄ဝအဘိမလက်လိုက်၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ၍သေကြ၏။ ၄၁အဘိမလက်သည် အရုမမြို့မှာ နေ၍ ဇေဗုလသည် ဂါလနှင့် သူညီအစ်ကိုတို့ကို ရှေခင်မြို့၌မနေစေခြင်းငှါ၊ နှင်ထုတ်လေ၏။ ၄၂နက်ဖြန်နေ့၌လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင်၊ ၄၃မိမိလူတို့ကို သုံးစုခွဲ၍၊ တော၌ချောင်းမြောင်းလျက်နေသဖြင့်၊မြို့သားတို့သည် ထွက်လာကြသောအခါ၊ ထ၍လုပ်ကြံလေ၏။ ၄၄အဘိမလက်သည် မိမိလူတစုနှင့် မြို့တံခါးဝသို့ ပြေးတတ်၍စောင့်နေ၏။ အခြားသောလူနှစ်စုတို့သည် တော၌ရှိသော လူတို့ဆီသို့ပြေး၍ သတ်ကြ၏။ ၄၅အဘိမလက်သည် တနေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌တွေ့သောသူတို့ကို သတ်ပြီးလျှင်၊ မြို့ရိုးကိုဖြိုဖျက်၍၊ မြို့ရာကိုဆားနှင့်ကြဲဖျက်လေ၏။

၄၆ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။ ၄၇ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည်  ကြားလတ်သော်၊ ၄၈ကိုယ်တိုင်မှစ၍၊ ပါသောသူအပေါင်းတို့သည် ဇလမုန်တောင်သို့သွားပြီးလျှင်၊ အဘိမလက်သည် ပုဆိန်နှင့် သစ်ခက်ကိုခုတ်၍၊ မိမိပခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့မြင်သည် အတိုင်း၊ အလျှင်အမြန်ပြုကြလော့ဟု လိုက်သောသူ တို့အား ဆိုလျှင်၊ ၄၉သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကိုခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့် အတူ၊ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။

၅ဝထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။ ၅၁သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ၍ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက်ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်းပိတ်ထား၍၊ ရဲတိုက်အပေါ်သို့တတ်ကြ၏။ ၅၂အဘိမလက်သည် ရဲတိုက်ကိုလာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချည်းကပ်သောအခါ၊ ၅၃မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ၍၊ ဦးခေါင်းခွံပေါက်ကွဲလေ၏။ ၅၄သူသည် လက်နက်ကိုင်လုလင်ကို အလျှင်အမြန်ခေါ်၍၊ မိန်းမသည် အဘိမလက်ကိုသတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ၊ သင့်ထားကိုထုတ်၍၊ ငါ့ကိုသတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် ထိုး၍ အဘိမလက်သေလေ၏။ ၅၅အဘိမလက်သေကြောင်းကို ဣသရေလလူတို့ သည် သိမြင်လျှင် အသီးအသီးမိမိတို့နေရာသို့ ပြန်သွားကြ၏။ ၅၆ထိုသို့အဘိမလက်သည် မိမိညီအစ်ကို ခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသောဒုစရိုက်အမှုကို ဘုရားသခင်ဆပ်ပေးတော်မူ၏။ ၅၇ရှေခင်မြို့သား ပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူသဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း၊ သူတို့သည် ခံရကြ၏။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s