တရားဟောရာကျမ်း အခန်းကြီး (၂၂)


၁သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကိုကြည့်၍ မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။ ၂ညီအစ်ကို ဝေးသော်၎င်း၊ သူ့ကိုမသိသော်၎င်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ဆောင်ခဲ့ရမည်။ ညီအစ်ကိုသည်မရှာ၊ သူ၌မအပ်မှီတိုင်အောင် ကိုယ်အိမ်၌ ထားရမည်။ ၃မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ ဥစ္စာတစုံတစ်ခုပျောက်၍် သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူပြုရမည်။ ၄ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍ မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက်မစရမည်။

၅မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ ၆သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကိုတွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကို မယူရ။ ၇သင်သည်ကောင်းစား၍ အသက်တာရှည်မည်အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ် ရမည်။ ၈လူသည်အိမ်မိုးပေါ်ကကျ၍ လူအသက်ကိုသတ်သော အပြစ်မရောက်မည်အကြောင်း၊ အိမ်အသစ်ကို ဆောက်သောအခါ၊ အမိုးနား ပတ်လည်၌ အဆီးအတားကိုလုပ်ရမည်။ ၉စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင်အသီးနှစ်ပါးစလုံး ပျက်လိမ့်မည်။ ၁ဝနွားနှင့်မြည်းကိုဘက်၍ လယ်မထွန်ရ။ ၁၁ဝါနှင့်သိုးမွေးကိုရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ ၁၂သင်ခြုံသောအဝတ်စွန်လေးဘက်၌ ပန်းပွားတို့ကို ဆွဲရမည်။

၁၃လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တဖန်ထိုမိန်းမကို မုန်း၍၊  ၁၄ငါသည် ဤမိန်းမနှင့်ထိမ်းမြား ဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကိုပြု၍ သူ့အသေရေကို ဖျက်လျှင်၊ ၁၅ထိုမိန်းမ၏ မိဘတို့သည် ကညာ၏လက္ခဏာသက်သေကိုဆောင်လျက်၊ မြို့၌အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝ သို့သွား၍၊ ၁၆ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည်အကျွန်ုပ် သမီးကိုမုန်း၍၊ ၁၇သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟုဆိုလျက် ကဲ့ရဲ့စရာအကြောင်းကိုပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာလက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။ ၁၈ထိုအခါမြို့၌ အသက်ကြီးသူတို့သည် ထိုလူကိုယူ ၍ရိုက်ပြီးမှ၊ ၁၉ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏အသရေကိုထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံးထိုမိန်းမနှင့်မကွာရ။ ၂ဝသို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာလက္ခဏာသက်သေ မရှိလျှင်၊ ၂၁မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသော အမှုကိုပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။

၂၂လင်ရှိသော မိန်းမနှင့် အခြားသော ယောက်ျားသင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့်မိန်းမ နှစ်ယောက်တို့သည် အသေသက်ခြင်းကိုခံရမည်။ ထိုသို့ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။ ၂၃အပျိုကညာကို ယောက်ျားနှင့်ထိမ်းမြားဆောင်နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊ ၂၄ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့် ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ်သောကြောင့်၎င်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။ ၂၅အပျိုကိုယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ အခြားသောယောက်ျား သည် တော၌တွေ့၍   အနိုင်အထက်ပြုလျှင်၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည်။ ၂၆သေထိုက်သောအပြစ် မရှိသော ထိုမိန်းမကို သင်သည်အဘယ်သို့မျှမပြုရ။ ၂၇အကြောင်းမူကား၊ ယောက်ျား သည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူမရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတယောက်ကိုတယောက် ရန်ပြု၍ သတ်သောအမှုနှင့်တူ၏။ ၂၈ယောက်ျားနှင့်မထိမ်းမြားမဆောင် နှင်းသေးသော အပျို ကညာကို အခြားသော ယောက်ျားသည် တွေ့၍ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊ ၂၉ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကိုလျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။  သူ့ကိုရှုတ်ချသောကြောင့် တသက်လုံး မကွာရ။ ၃ဝလူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကိုမသိမ်းရ။