တရားဟောရာကျမ်း အခန်းကြီး (၂၇)


၁တဖန်မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား၊ ယနေ့ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ၂သင်သည် ယော်ဒန်မြစ်ကိုကူး၍၊ သင်၏ဘုရား သခင် ထာဝ၇ဘုရားပေးတော်မူသော ပြည်သို့ ရောက်သောအခါ၊ ကြီးသော ကျောက်တို့ကိုထူထောင်၍ အင်္ဂတနှင့်မွမ်းမံ ရမည်။ ၃ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း သင့်အားပေးတော် မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရား စကားတော်အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။ ၄ယော်ဒန်မြစ်ကိုကူးပြီးမှ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင် ပေါ်မှာထူထောင်၍ အင်္ဂတေနှင့်မွမ်းမံရမည်။ ၅ထိုအရပ်၌လည်း သင်၏ဘုရားသခင်ထာဝရဘုရားအဘို့၊ ၆ယဇ်ပလ္လင် ကိုကျောက်နှင့် တည်ရမည်။ သံတန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သော ကျောက်တို့နှင့် တည်ရမည်။ သင်၏ ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ၇မိဿဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ်တွင် စားသောက်လျက် ရှေ့တော်၌ပျော်မွေ့ခြင်းကို ပြုရမည်။ ၈ထိုကျောက်ပေါ်မှာ ဤတရားစကား တော် အလုံးစုံတို့ကို သေချာစွာရေးထားရမည်ဟု ပြောဆိုကြ၏။ ၉တဖန်မောရှေနှင့် ယဇ်ပုရောဟိတ်များ၊ လေဝိသားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့် နားထောင်လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ လူမျိုးဖြစ်လေပြီ။ ၁ဝသို့ဖြစ်၍၊ သင်၏ဘုရား သခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ငါတို့ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆို ကြ၏။

၁၁တဖန် မောရှေသည် ထိုနေ့၌ လူများတို့ကို မှာထားသည်မှာ၊ ၁၂သင်တို့သည် ယော်ဒန်မြစ်ကို ကူးသော နောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။ ၁၃ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။ ၁၄ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုး သားအပေါင်းတို့အား ဟစ်ကြော်ရသော စကားဟူမူကား၊ ၁၅ထာဝရဘုရားစက်ဆုပ်ရွံရှာသော အရာ၊ လက်သမား လက်နှင့်ထုလုပ်သောရုပ်တု၊ သွန်းသောဆင်းတုကိုလုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူသည် အမင်္ဂလာရှိ စေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၁၆မိဘကို မထီမဲ့မြင်ပြုသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၁၇အိမ်နီးချင်း၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၁၈မျက်စိမမြင် သောသူကို လမ်းလွဲစေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၁၉တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေး သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၂ဝအဘနှင့်သာ ဆိုင်သောအဘ၏ မယားနှင့်ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၂၁တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်း ဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။ ၂၂အဘ၏သမီး၊ အမိ၏သမီး တည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၂၃မယား၏အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၂၄အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ၂၅အပြစ်မရှိသောသူ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်း ဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။