တရားဟောရာကျမ်း အခန်းကြီး (၃၄)


၁ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှသွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည်ဒန်မြို့တိုင်အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊ ၂နဿလိပြည်တရှောက်လုံး၊ ဧဖရိမ် ပြည် မနောရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တရှောက်လုံး၊ ၃တောင်ပြည်နှင့်တကွ ဇောရမြို့ တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သောချိုင့်နှင့် လွင်ပြင်တို့ကိုပြတော်မူ၏။ ၄ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု ဂတိထားသောပြည်ကိုကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော အခွင့်ကိုငါပေး၏။ သို့ရာတွင် ကူး၍ မသွားရဟု မိန့်တော်မူ၏။ ၅ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ထာဝရဘုရား၏ ကျွန်မောရှေသည် မောဘပြည်၊ ထိုအရပ်၌ အနိစ္စရောက်၍၊ ၆ဗက်ပေဂုရမြို့တဘက်၊ မောဘပြည်၊ တစုံတခုသောချိုင့်၌ သဂြိုလ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ။ ၇မောရှေသည် အနိစ္စရောက်သောအခါ အသက်တရာ နှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်သေး။ ခွန်အားလည်း မလျော့သေး။ ၈ဣသရေလအမျိုးသားတို့သည် မောရှေကို အောက်မေ့၍၊ မောဘလွင်ပြင်၍ အရက်သုံးဆယ် ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

၉မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ရက်ကာလ လွန်ပြီးမှ၊ နုန်၏သားယောရှုသည် အထက်က မောရှေ၏ လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘောနှင့်ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏ စကားကိုနားထောင်လျက်၊ မောရှေအားထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ၏။

၁ဝ-၁၂ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သား အပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကိုပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှုအရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။

 

ရှင်မောရှေစီရင်ရေးထားသော တရားဟောရာကျမ်းပြီး၏။