ထွက်မြောက်ရာကျမ်း အခန်းကြီး (၁၆)


၁တဖန် ဣသရေလ အမျိုးသားပရိသတ် အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တု ပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်းတော သို့ရောက်ကြ၏။ ၂ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊ ၃ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသား ချက်သော အိုးကင်းနားမှာထိုင်၍ ဝစွားစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင်သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှါ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍မြည်တမ်း လျက်ဆိုကြ၏။

၎ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်ကမုန့်မိုဃ်း ကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တနေ့စားလောက်အောင်သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံးစမ်းမည်။ ၅နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက် သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။ ၆မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရ ဘုရားသည် သင်တို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်ဟု ယနေ့ညဦးယံ၌ သင်တို့သိကြလိမ့်မည်။ ၇နံနက်ယံ ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကိုမြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံ ကိုကြားတော်မှုပြီ။ ငါတို့ကိုအပြစ်တင်လျက် မြည်တမ်းစေခြင်းငှါ၊ ငါတို့သည်အဘယ်သို့သောသူ ဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။ ၈တဖန်လည်း မောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌ သင်တို့ စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော အသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့ သောသူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောစကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရား ကိုထိခိုက်သည်ဟု ဆိုလေ၏။ ၉တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရဘုရားကြား တော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကိုမှာ ထားသည်အတိုင်း၊ ၁ဝအာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆို သောအခါ၊ သူတို့သည်တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသောထာဝရဘုရား၏ ဘုန်းတော်ကိုမြင် ရကြ၏။ ၁၁ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။ ၁၂ညဦးယံ၌ သင်တို့သည် အမဲသားကိုစားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့်ဝရကြလိမ့်မည်။ ငါသည် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့ကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

၁၃ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည်အရပ်ရပ် တွင် နှင်းကျလျက်ရှိ၏။ ၁၄နှင်းတက်ပြီးသောအခါ၊ နှင်းခံကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ် လေ၏။ ၁၅ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကိုတယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရဘို့ ထာဝရဘုရားပေးသနား တော်မူသောမုန့်ဖြစ်၏။ ၁၆လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့် အညီ၊ လူအသီးအသီး စားလောက်အောင် တယောက်တသြမဲ သိမ်းယူကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ ၁၇ဣသရေလအမျိုး သားတို့သည် ထိုသို့ပြု၍၊ အနည်းအများအလိုက်သိမ်းယူကြ၏။ ၁၈သြမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသော သူမပို၊ နည်းနည်းရသောသူမလို၊ အသီးအသီးတို့သည် စားလောက်အောင် သိမ်းယူကြ၏။ ၁၉မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှမကျန်စေနှင့် ဟုဆိုသော်လည်း၊ ၂ဝအချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။ ၂၁ထိုသူအသီးအသီးတို့သည် နေ့တိုင်းမိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရေဖြစ်လေ၏။

၂၂ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်သြမဲစီသိမ်းရကြ၏။ ထိုအကြောင်း ကိုပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။ ၂၃သူကလည်း၊ နက်ဖြန့်နေ့သည် ထာဝရဘုရား ရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝမ်စွာနေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်းချင်သည် အတိုင်းပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်းပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင် စောင့်၍သိုထားကြလော့ဟု ထာဝရဘုရားမိန့် တော်မူကြောင်းကို ပြန်ပြေလေ၏။ ၂၄မောရှေမှာထားသည် အတိုင်း၊ နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ၏။ ၂၅မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌မတွေ့ရ။ ၂၆ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်း ဟူသော ခုနစ်ရက်မြောက်သော နေ့တွင်မရှိမတွေ့ရဟု ဆိုလေ၏။ ၂၇ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည်သိမ်း ယူခြင်းငှါ ထွက်သွားရာတွင်၊ ရှာ၍မတွေ့ရကြ။ ၂၈ထာဝရဘုရားကလည်း၊ သင်တို့သည်ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း။ ၂၉ထာဝရဘုရားသည် ဥပုသ်နေ့ကိုသင်တို့အား ပေးတော်မှူုပြီ။ ထိုကြောင့် ခြောက်ရက် မြောက်သော နေ့၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ၏။ လူတိုင်းမိမိနေ့ရာ၌နေစေ၊ ခုနစ်ရက် မြောက်သောနေ့၌ မိမိနေရာမှအဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။ ၃ဝထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။ ၃၁ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟု ခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့် ရောသော မုန့်ကြွပ်နှင့် အရသာတူ၏။

၃၂မောရှေကလည်း၊ သင်တို့ကိုအဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အားကျွေးသော မုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှါ၊ သူတို့အဘို့ သိုထားရသော သြမဲတသြမဲကို ဖြည့်ကြလော့ ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ ၃၃တဖန်အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍ မန္နတသြမဲကို အပြည်ထည့်ပြီးလျှင်၊ သင်တို့လူမျိုးအစဉ်အဆက်ဘို့ စောင့်စေခြင်းငှါ၊ ထာဝရဘုရား ရှေ့တော်၌ သိုထားလော့ဟု ဆို၍၊ ၃၄မောရှေကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှါ၊ သက်သေတော် ရှေ့မှာ သိုထားလေ၏။ ၃၅ဣသရေလအမျိုးသား တို့သည်၊ လူနေရာ ပြည်သို့မရောက်မှီ တိုင်အောင်၊ အနှစ်လေးဆယ် ပတ်လုံး မန္နကိုစားကြ၏။ ခါနာန်ပြည်နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကိုစားကြ၏။ ၃၆သြမဲမူကား၊ ဧဖါဆယ်စု တစု ဖြစ်သတည်း။