ထွက်မြောက်ရာကျမ်း အခန်းကြီး (၂၂)


၁လူသည် သိုးနွားကိုခိုး၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင် အတွက် နွားငါးကောင် ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်။ ၂သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင် သတ်သော်လည်း၊ သေစား မသေစေရ။ ၃သို့သော်လည်း နေထွက်လျှင် သေစား သေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာ အကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။ ၄သူခိုးလက်၌ ခိုးသောနွား၊ သိုးကိုအသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။

၅သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိ လယ်၊ မိမိစပျစ်ဥယျာဉ်ထဲက အကောင်းဆုံးကိုထုတ်၍ ပြန်ပေးရမည်။ ၆မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လေ၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သော သူသည် အမှန် လျော်ရမည်။

၇လူတဦးသည် အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စာတစုံတခုကို အပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကိုတွေ့မိသောအခါ နှစ်ဆလျော်စေ။ ၈သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်း ဥစ္စာကို ယူသလော မယူသလောဟု ဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။ ၉သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သောဥစ္စာတစုံတခုကို တွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစုံတယောက် ဆိုလျှင်၊ အမှုသည်နှစ်ဦးတို့သည် ဘုရားသခင်ရှေ့တော်၌ အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ ၁ဝလူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုး အစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန်သေသော်၎င်း၊  ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊  ၁၁အပ်နှံခံ သော သူသည် ငါ့အိမ်နီးချင်း၏ ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူ လည်း မလျော်ရ။ ၁၂သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။ ၁၃သားရဲကိုက် လျှင် သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။ ၁၄လူသည် အိမ်နီးချင်၌ တစုံတခုကိုငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍ နာသော်၎င်း၊ အမှန်လျော်ရမည်။ ၁၅ဥစာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့်ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။

၁၆မပေးစားလိုသောအပျိုကို အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။ ၁၇မိန်းမ၏အဘသဘောမတူ မပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့် အမျှ ငွေကိုလျော်ရမည်။ ၁၈စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။ ၁၉တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ၂ဝထာဝရဘုရားမှတပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။

၂၁တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။ ၂၂မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်၍။ ၂၃နှောင့်ရှက်ခြင်းတစုံတခုကိုပြု၍ သူတို့သည် ငါ့အနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊ ၂၄ငါအမျက်ပြင်းစွားထွက်လျက် သင်တို့ကို ထားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမ ဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။

၂၅ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည် ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။ ၂၆အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီပြန်ပေးရမည်။ ၂၇အကြောင်း မူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ဖြစ်၏။ သူသည် အဘယ်သို့အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။

၂၈ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကိုအုပ်စိုးသောမင်းကို မကျိန်ဆဲရ။ ၂၉အဦးမှည့်သော အသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသောသားယောက်ျားကိုလည်း ငါ့အားဆက်ကပ်ရမည်။ ၃ဝထိုနည်းတူ သိုးနွားတို့ကိုပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အားဆက်ကပ်ရမည်။ ၃၁သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။