ထွက်မြောက်ရာကျမ်း အခန်းကြီး (၃၃)


၁တဖန် ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှထွက်၍ သင်၏ အမျိုးအနွှယ်အား ငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသောပြည်သို့ သွားကြလော့။ ၂ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ငါစေလွှတ်၍၊ သူသည် ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို နှင်ထုတ်၍၊ ၃နို့နှင့်ပျားရည်စီးသောပြည်သို့ သင်တို့ကိုပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသော လူမျိုးဖြစ်သောကြောင့်၊ လမ်း၌သွားစဉ် သင်တို့ကိုငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအားမိန့်တော်မူ၏။ ၄ထိုမကောင်းသောသိတင်းကို လူများတို့သည် ကြားသော အခါ၊ ငိုကြွေးမြည်တမ်းလျက် အဘယ်သူမျှတန်ဆာမဆင်ဘဲ နေကြ၏။ ၅အကြောင်း မူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ်ကြ၏။ သင်တို့ အလယ်၌ ချက်ခြင်းငါပေါ်လာ၍ ဖျက်ဆီးမည်။ ထိုကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကို ငါသိခြင်းငှါ၊ သင်တို့ တန်ဆာများကို ချွတ်ကြလော့ဟု မောရှေအား မိန့်တော်မူနှင့်သတည်း။ ၆ဣသရေလအမျိုးသားတို့သည် ဟောရပ် တောင်ခြေရင်း၌  မိမိတို့တန်ဆာများကို ချွတ်ကြ၏။

၇မောရှေသည် တဲတော်ကိုယူ၍ တပ်ပြင်၌ ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ်စည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူအပေါင်းတို့သည် တပ်ပြင်၌ရှိသော ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ၏။ ၈မောရှေသည် တဲတော်သို့ထွက်သွားသောအခါ၊ လူအပေါင်းတို့သည် ထ၍ အသီးအသီးမိမိတို့ တဲတံခါးဝ၌ ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည်တိုင်အောင် ကြည်ရှုလျက်နေကြ၏။ ၉မောရှေသည် တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင်ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။ ၁ဝတဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင် လူအပေါင်းတို့သည် ထ၍ အသီး အသီး မိမိတို့တဲတံခါးဝ၌ ကိုးကွယ်ကြ၏။ ၁၁ထာဝရဘုရားသည် အဆွေခင်ပွန်းခြင်းကို နှုတ်ဆက်တတ်သည် နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ၊ သူ၏လက်ထောက် နုန်၏သား ယောရှုမည်သောလုလင်သည်၊ တဲတော်မှမထွက်ဘဲနေ၏။

၁၂မောရှေကလည်း၊ ဤလူတို့ကို ပို့ဆောင်လော့ဟု ကိုယ်တော်မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ်မသိရ။ သို့သော်လည်း ကိုယ်တော်က၊ သင့်ကို သင်၏နာမဖြင့် ငါသိ၏။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ။ ၁၃သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင် မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း၊ ကိုယ်တော်၏လမ်းကို ပြတော်မူပါ။ ဤလူမျိုး သည် ကိုယ်တော်၏လူဖြစ်ကြောင်းကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအာ လျှောက် ဆို၏။ ၁၄ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏။ ၁၅တဖန် မောရှေက ကိုယ်တော်တိုင် မသွားလျှင် အကျွန်ုပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။ ၁၆အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသော အားဖြင့် သာ ထင်ရှားပါမည်မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာရှိသမျှသော လူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆိုလျှင်၊ ၁၇ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကိုသင်၏နာမဖြင့် ငါသိ၏ဟု မောရှေအား မိန့်တော်မူ၏။ ၁၈တဖန်တုံ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်တောင်းပါ၏ဟု လျောက်လျှင်၊ ၁၉ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရဘုရား၏ နာမတော်လည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူး ပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကို သနားမည်။ ၂ဝသို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောသူ တစုံတယောက်မျှ မရှိဟူ၍၄င်း၊ ၂၁ငါ့အနားမှာ နေရာတခုရှိ၏။ သင်သည် ကျောက်ပေါ်မှာရပ်ရမည်။ ၂၂ငါ့ဘုန်းရှောက်သွားသောအခါ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကိုငါ့လက်နှင့်ဖုန်းအုပ်မည်။ ၂၃ငါ့လက်ကို ရုပ်သိမ်းသောအခါ၊ ငါ့ကျောကိုသာ မြင်ရ မည်၊ ငါ့မျက်နှာကို မမြင်ရဟူ၍၄င်း မိန့််တော်မူ၏။