ထွက်မြောက်ရာကျမ်း အခန်းကြီး (၈)


၁ထာဝရဘုရားကလည်း၊ သင်သည်ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။ ၂မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကိုဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။ ၃မြစ်သည်လည်း များစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည်သင်၏အိမ်၌၄င်း၊ အိပ်ခန်း၌၄င်း၊ အိပ်ရာပေါ်၌၄င်း၊ သင်၏ကျွန်တို့ အိမ်၌၄င်း၊ သင်၏လူတို့အပေါ်၌၄င်း၊ သင်၏မီးဖို၌၄င်း၊ မုန့်နယ်သောခွက်၌၄င်း တတ်ကြလိမ့်မည်။ ၄သင်မှစ၍ သင်၏လူ၊ သင်၏ကျွန် ရှိသမျှတို့အပေါ်၌ တက်ကြလိမ့်မည် ဟုထာဝရဘုရား မိန့်တော်မူသည် အကြောင်းကို ကြားပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

၅တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည်ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်း ရေတို့အပေါ်၌ လှံတံကိုကိုင်လျက်၊ လက်ကိုဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ထားများကို တက်စေခြင်းငှါ ပြောလော့ဟု မိန့်တော်မူ၏။ ၆အာရုန်သည် အဲဂုတ္တုပြည်အပေါ်၌ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တတ်၍ အဲဂုတ္တုပြည် တရှောက်လုံးကို ဖုံးလွှမ်းကြ၏။ ၇ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူပြု၍ ဘားတို့ ကို အဲဂုတ္တုပြည်အပေါ်သို့ဆောင်ကြ၏။

၈ထိုအခါ ဖါရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကို ငါနှင့်ငါ့လူတို့ထံမှ ပယ်ရှားတော်မူမည်အကြောင်းတောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော်ရသော အခွင့် ကိုငါပေးမည်ဟုဆို၏။ ၉မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကိုပယ်ရှင်း ဖျက်ဆီး၍၊ မြစ်၌သာ နေစေခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန် ရသော အချိန်ကို ချိန်းချက်တော် မူပါဟု လျှောက်သော်၊ ၁ဝနက်ဖြန်နေ့တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားနှင့် တူသောဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ်၍၊ ၁၁ဘားတို့သည် ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှ ထွက်သွား၍မြစ်၌သာ နေကြလိမ့်မည်ဟု မောရှေလျှောက် ပြီးလျှင်၊ ၁၂အာရုန်နှင့် အတူအထံတော်မှ ထွက်သွား၍၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော်မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည်ဆုတောင်း ပဌနာပြုလေ၏။ ၁၃ထာဝရဘုရားသည် မောရှေတောင်းလျှောက် သောစကားအတိုင်းပြုတော်မူသဖြင့်၊ ဘားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင်သေကြ၏။ ၁၄အသေကောင်တို့ကို စုပုံ၍ ထားသဖြင့် တပြည်လုံးနံလေ၏။ ၁၅ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော် မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။

၁၆တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ရှိသော မြေမှုန့် သည် ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍၊ မြေမှုန့်ကိုရိုက်စေခြင်းငှါ ပြောလော့ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၇အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လေ၏။ မြေမှုန့်သည် လည်းလူ၌၄င်း၊ တိရစ္ဆာန်၌၄င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင် ဖြစ်လေ၏။ ၁၈ဝိဇ္ဇာဆရာတို့လည်း၊ ခြင်ကောင်တို့ကိုဖြစ်စေခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍မတတ်နိုင်ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ ခြင်ကောင်တို့သည် ရှိကြ၏။ ၁၉ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရားသခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရားမိန့်တော်မူသည် အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။

၂ဝထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင် ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။ ၂၁မလွှတ်ဘဲနေလျှင် သင်နှင့် သင်၏ကျွန်များ၊ လူများ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တုလူတို့ နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည်။ ၂၂ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။ ၂၃ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနားစေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော် မူကြောင်းကို ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။ ၂၄ထိုသို့ ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန်ကြမ်းတမ်း သော ယင်ရဲတို့သည်၊ ဖာရောဘုရင်အိမ် အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ရောက်လာ၍၊ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက်လေ၏။

၂၅ထိုအခါ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌သင်တို့၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟုမိန့်တော်မူသော်၊ ၂၆မောရှေက ထိုသို့မပြုသင့်။ ပြုလျှင် အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကိုအကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ် သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော်လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့် ပစ်ကြပါလိမ့်မည် မဟုတ်လော့။ ၂၇သို့ဖြစ်၍ တော၌ သုံးရက်ခရီးသွား၍ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း ယဇ်ပူဇော် ကြပါမည်ဟု လျှောက်ဆို၏။ ၂၈ဖါရောဘုရင်ကလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော် မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် မဝေးမသွားရကြ။ ငါ့အဘိုးတောင်းပန်းလော့ဟု မိန့်တော်မူ၏။ ၂၉မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည် အကြောင်း ထာဝရဘုရားကို တောင်းပန်ပါမည်။ သို့ရာတွင် ဣသရေ လလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော် ရမည်အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော်မမူပါနှင့် ဟုလျှောက်ပြီးလျှင်၊ ၃ဝဖါရောဘုရင်ထံမှ ထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။ ၃၁ထာဝရဘုရားသည် လည်း၊ မောရှေစကားကိုနားထောင်၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှ မကျန်စေ ခြင်းငှါ ပယ်ရှားတော်မူ၏။ ၃၂ထိုအခါ၌လည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်စေဘဲ နေလေ၏။