ထွက်မြောက်ရာကျမ်း အခန်းကြီး (၉)


           ၁ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည် အကြောင်း၊ သူတို့ကို လွှတ်လော့။ ၂မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊ ၃ထာဝရဘုရားလက်တော်သည် လယ်ပြင်၌ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ ရောက်၍ အလွန်ပြင်းစွာသော ရောဂါစွဲလိမ့်မည်။ ၄ထာဝရ ဘုရားသည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနားစေသဖြင့်၊ ဣသရေလအမျိုးသား ပိုင်သော တိရစ္ဆာန်တကောင်မျှမသေရ။ ၅နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကိုထာဝရဘုရားပြုတော်မူမည်ဟု မှန်သော အချိန်ကို ချိန်းချက်တော်မူပြီဟု ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည် အကြောင်းကိုပြောလော့ ဟု မောရှေအား မိန့်တော်မူ၏။ ၆နက်ဖြန်နေ့၌ ထိုအမှုကို ပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုး သေကြ ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။ ၇ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလအမျိုးသား တို့၏ တိရစ္ဆာန်တကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ် ဘဲနေလေ၏။

            ၈ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြားကို လက်နှင့် ယူ၍ မောရှေသည် ဖါရောဘုရင်ရှေ့၌ မိုဃ်းကောင်းကင်သို့ ပစ်လွှင့်စေ။ ၉ထိုပြာသည် အဲဂုတ္တုပြည် တရှောက်လုံး၌ နှံ့ပြားသော အမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့်မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အတိုင်း၊ ၁ဝသူတို့သည် မီးဖိုထဲကပြာကိုယူ၍၊ ဖါရောဘုရင်ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လေ၏။ ၁၁ဝိဇ္ဇာဆရာတို့သည် အနာဆိုကြောင့်၊ မောရှေရှေ့၌ မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို၌၄င်း၊ အဲဂုတ္တုလူ အပေါင်းတို့၌၄င်း စွဲသတည်း။ ၁၂ထာဝရ ဘုရားသည် ဖါရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူ သည်ဖြစ်၍၊ မောရှေအားမိန့်တော်မူသည်အတိုင်း၊ သူတို့စကား ကိုနားမထောင်ဘဲနေလေ၏။

            ၁၃တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖါရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကို ပေးလော့။ ၁၄သို့မဟုတ် ယခုကာလအခါ သင်၏နှလုံးကို၎င်း၊ သင်၏ကျွန်များ၊ လူများ၌၄င်း၊ ငါ၏ဘေးဒဏ် အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူမရှိကြောင်းကို သင်သည် သိရလိမ့်မည်။ ၁၅ငါ့လက်ကို ငါဆန့်၍သင်နှင့် သင်၏လူတို့ကို ကာလနဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်း မြေကြီးပေါ်က သုတ်သင် ပယ်ရှင်းမည်။ ၁၆အကယ်စင်စစ် ငါ့တန်ခိုးကိုသင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကိုမြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကိုငါ မြှောက်ခဲ့ပြီ။ ၁၇သင်သည် ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကိုစော်ကားသေးသလော။ ၁၈ကြည့်ရှုလော့။ အဲဂုတ္တုပြည်တည်သည်ကာ လမှစ၍ ယခုတိုင်အောင် မရွာဘူးသောအလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နာက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေ မည်။ ၁၉ထိုကြောင့် ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့ မဆောင်လျင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီးကျ၍၊ သူတို့သည် သေကြလိမ့်မည် အကြောင်းကို ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။ ၂ဝထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖါရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။ ၂၁ထာဝရဘုရား၏ နှုတ်ကပတ်တော် ကိုပမာဏမပြုသော သူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ ထားကြ၏။

            ၂၂ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည် တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်များ အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေသမျှသောအပင်များ ပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှါ၊ သင်၏လက်ကိုမိုဃ်းကောင်းကင်သို့ ဆန့် လော့ဟုမောရှေအား မိန့်တော်မူ၏။ ၂၃မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကိုလွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာ ပြေးလေ၏။ ထိုသို့ထာဝရဘုရားသည်၊ အဲဂုတ္တု ပြည်၌ မိုဃ်းသီးရွာစေတော်မူသဖြင့်၊ ၂၄အဲဂုတ္တုပြည်တည်ထောင်သည် ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသော မိုဃ်းသီးဖြစ်လေ၏။ ၂၅အဲဂုတ္တုပြည်တရှောက်လုံး၌၊ လယ်ပြင်မှာ ရှိသမျှသော လူနှင့် တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုဃ်းသီး ထိလေ၏။ ၂၆သို့ရာတွင် ဣသရေလ အမျိုးသားနေရာ ဂေါရှင်ပြည်၌မိုဃ်းသီးမကျမရွာ။

            ၂၇ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွတ်၍၊ မောရှေနှင့် အာရုန်ကိုခေါ်ပြီးလျှင်၊ ဤအမှု၌ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။ ၂၈တန်ပါပြီ။ အာကြီးသော မိုဃ်းကြိုး နှင့် မိုဃ်းသီးစဲမည်အကြောင်း၊ ထာဝရဘုရားကိုတောင်းပန်ပါ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။ ၂၉မောရှေကလည်း၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရား ရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှါ မိုဃ်းကြိုးစဲလိမ့်မည်။ မိုဃ်းသီးလည်းမကျမရွာရ။ ၃ဝသို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ ကျွန်တို့သည်၊ ထာဝရအရှင်ဘုရားသခင် ကိုမကြောက်သေးကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။ ၃၁ပိုက်ဆန်ပင်၊ မုယောပင်ကို မိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့် ပြည့်စုံပြီ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ။ ၃၂ဂျုံစပါး၊ ကောက်စပါးပင်ကိုကား၊ မထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။ ၃၃မောရှေသည် ဖါရောဘုရင်ထံမှ ထွက်၍မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရား တော်၌ လက်ဝါးတို့ကို ဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ၏။ မြေကြီးပေါ်၌လည်း မိုဃ်းမရွာ။ ၃၄ထိုသို့မိုဃ်းမရွာ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုး စဲသည်ကို ဖါရောဘုရင်မြင်လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန်များနှင့် အကွ နှလုံးခိုင်မာလျက်နေ၏။ ၃၅ထိုသို့ဖါရော ဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး သားတို့ကို မလွှတ်ဘဲနေပြန်သတည်း။