ဒံယေလ အခန်းကြီး(၄)


၁ငါနေဗုခဒ်နေဇာမင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြား သောဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။ ၂မြင့်မြတ် တော်မူသော ဘုရားသခင်သည် ငါ၌ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ၏။ ၃ထိုနိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဘွယ်သောအမှုတော်သည်လည်း တန်ခိုးနှင့်ပြည့်စုံပေ၏။ ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံ ဖြစ်၏။ အာဏာစက်သည်လည်း ကမ္ဘာအဆက်ဆက် တည်တော်မူ၏။

၎ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာနေ၍ စည်းစိမ်ကြီးစဉ်အခါ၊ ၅ကြောက်မက်ဘွယ်သော အိပ်မက်ကိုမြင်၍၊ သာလွန်ပေါ်မှာအိပ်လျက် စိတ်ထဲ၌ အာရုံပြုသောရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။ ၆ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြစေခြင်းငှါ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊ ၇မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက်ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကိုမဘော်မပြနိုင်ကြ။ ၈နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအားဖြင့် ဗေလတရှာဇာဟု ခေါ်သမုတ်၍၊ သန့်ရှင်းသောဘုရားသခင်၏ ဝိညာဉ်တော် နှင့် ပြည်စုံသောဒံယေလသည် ငါ့ထံသို့ဝင်လာလျှင်၊ ၉အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သောအိပ်မက်၏အနက်ကို ဘော်ပြလော့။ ၁ဝငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား၊ ငါကြည့်ရှု့၍ မြေကြီးအလယ်၌ အရပ်မြင့်လှသော သစ်ပင်တပင်ရှိ၏။ ၁၁ထိုအပင်သည် ကြီးပွား၍ခိုင်မာခြင်းသို့ရောက်၏။ မိုဃ်း ကောင်းကင်သို့ထိ၍ မြေကြီးစွန်းတိုင်အောင် ထင်ရှား၏။ ၁၂အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့ စား၍ဝလောက် သောအသီးနှင့် ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်းကင်ငှက် တို့သည် နားနေကြ၏။

၁၃အိပ်ပျော်၍မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန်လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူ တယောက်သည် ကောင်းကင်မှဆင်းလာ၍၊ ၂၄သစ်ပင်ကိုလှဲလော့။ အခက်တို့ကိုခုတ်လော့။ အသီးအရွက် တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်းအခက်ထဲက သွားကြစေ။ ၁၅သို့သော် လည်း၊ မြေ၌စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်သကဲ့သို့ နုသော မြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ၍ တိရစ္ဆာန်တို့နှင့်အတူ ဆက်ဆံလျက် မြက်ပင်စားစေလော့။ ၁၆လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည်စုံစေလော့။ ၁၇အကြောင်းမူကား၊ အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာ သောသူတို့ကို မြှောက်၍ နိုင်ငံကိုအပ်ပေးတော်မူသည်ကို၎င်း သတ္တဝါတို့သိနားလည်သောအခွင့် ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။ ၁၈ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက်ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သောအိပ်မက် အနက်ကို ဘော်ပြလော့။ ငါ့နိုင်ငံတွင်  ပညာရှိအပေါင်းတို့သည် အနက်ကို ငါ့အားမဘော်မပြနိုင်သော်လည်း သင်သည်သန့်ရှင်း သောဘုရားသခင်၏ ဝိညာဉ်နှင့်ပြည်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြောလေ၏။

၁၉ထိုအခါ ဗေလတရှာဇာအမည်ရှိသော ဒံယေလသည် တနာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလတရှာဇာ၊ အိပ်မက်အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကိုမုန်းသော ရန်သူတို့အပေါ်၌ အိပ်မက်အနက်ရောက်ပါစေသော။ ၂ဝမြင်မက်တော်မူစဉ်တွင် ကြီးပွား၍ခိုင်မာထသော၊ မိုဃ်းကောင်းကင်သို့ထိ၍ မြေကြီးတပြင်လုံး၌ ထင်ရှားထသော၊ ၂၁အရွက်လှလျက်၊ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သောအသီးနှင့် ပြည့်စုံထသော၊ မြေတိရစ္ဆာန်တို့သည် အောက်၌ နေကြသဖြင့်၊ အခက်အလက် တို့၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင်သည်၊ ၂၂အရှင် မင်းကြီး၊ ကိုယ်တော်ပင်ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီး မြင့်၍ မိုဃ်းကောင်းကင် သို့ထိ၏။ အာဏာစက်တော်သည်လည်း၊ မြေကြီးစွန်းတိုင်အောင် ရောက်တော်မူ၏။

၂၃သစ်ပင်စောင့်၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှဆင်းလာ၍၊ သစ်ပင်ကိုခုတ်လှဲဖျက်ဆီး လော့။ သို့သော်လည်း၊ မြေကြီး၌စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကိုခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ၍၊ မြေတိရစ္ဆာန်တို့ နှင့် ဆက်ဆံစေဟု ဆိုသည် မှာ၊ ၂၄အမြင့်ဆုံးသော ဘုရားသခင် စီရင်တော်မူ၍၊ အရှင်မင်းကြီးအပေါ်၌ ရောက်ရသောမြင်မက်တော်မူချက်၏ အနက်ဟူမူကား၊ ၂၅ကိုယ်တော်ကို လူစုထဲကနှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကိုအုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိမမှတ်မှီ ကာလ၊ ခုနစ်ရက်ပတ်လုံး နွားကဲ့သို့မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကိုခံလျက် နေရမည်။ ၂၆သစ်မြစ်၊ သစ်ငုတ်ကို ခြွင်းထားစေခြင်းငှါ စီရင်ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်းကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှမရွေ့ဘဲ တည်လိမ့်မည်။ ၂၇သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသောအမှုကိုပြုခြင်း၊ ဆင်းရဲသောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အအပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။

၂၈ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာမင်းကြီးအပေါ်သို့ ရောက်သည်အကြောင်းကား။ ၂၉တဆယ် နှစ်လလွန်ပြီးသော်၊ ဗာဗုလုန်နန်းတော်ပေါ်မှာ စင်္ကြံသွားလျက်၊ ၃ဝဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို မြှောက်ရာဘို့၊ ငါ့တန်ခိုးအာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။ ၃၁ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှသက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာမင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှရွေ့သွားပြီ။ ၃၂သင့်ကို လူစုထဲက နှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလိုသောသူတို့အား ပေးတော်မူ သည်ကို မင်းကြီးမသိမမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံး နွားကဲ့သို့မြက်ကိုစားလျက်၊ နေရမည်ဟု အသံဖြစ်လေ၏။ ၃၃ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ရှက်ခြင်းဖြစ်၍၊ လူစုထဲကနှင်ထုတ်ကြလျှင်၊ သူသည်နွားကဲ့သို့ မြက်ကိုစား၍ မိုဃ်းစွတ်ခြင်းကိုခံသဖြင့်၊ ကိုယ်အမွေးသည် ရွှေလင်းတအတောင်ကဲ့သို့၎င်း၊ လက်သည်းခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့၎င်း ဖြစ်၏။

၃၄ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာသည် ကောင်းကင်သို့မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့် ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရဘုရားအသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက် တည်၏။ ၃၅မြေကြီးသားအပေါင်း တို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေတို့၌၄င်း၊ မြေကြီးသားတို့၌၄င်း အလိုတော်ရှိ သည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟု ကိုယ်တော် ကိုဆိုနိုင်သောသူမရှိ။ ၃၆ထိုအခါ င့ါစိတ်ပကတိဖြစ်ပြန်၍၊ ငါ့နိုင်ငံ၏အသရေကို ယမန်ကဲ့သို့တင့်တယ်ခြင်း အရောင် အဆင်းနှင့်ပြည့်စုံ၍၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက်တိုးပွား၏။ ၃၇ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင်ဘုံ၏ အရှင်ဘုရား သခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့်ပြည့်စုံ၍ တရားနှင့်ညီလျော် ကြ၏။ မာနထောင်လွှားသောသူတို့ကို နှိမ့်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်  မူ၏။