ဒံယေလ အခန်းကြီး(၈)


၁ဗေလရှာဇာမင်းကြီးနန်းစံသုံးနှစ်တွင်၊ ငါဒံယေလသည် ယခင်ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူမူကား၊ ၂ဧလံပြည်၊ ရှုရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိစဉ်၊ ရူပါရုံထင် ရှား၍၊ ၃ငါမျှော်ကြည့်သော၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်းသည် မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက်ပေါက်သတည်း။ ၄ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံးမျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှမခံနိုင်၊ အဘယ်သူမျှ သူ့လက်မှ မကယ်မလွှတ်နိုင်သည်ဖြစ်၍၊ မိမိအလိုရှိသည်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ရောက်လေ၏။

၅ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စီနှစ်လုံးကြား၌ ထူးဆန်းသောချိုတချောင်းရှိသော ဆိတ်တကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကိုမနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။ ၆ချိုနှစ်ချောင်းနှင့် မြစ်တဘက်၌ ထင်ရှားသောသိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍၊ ၇အနားသို့ ရောက်သောအခါ၊ ပြင်းစွာအမျက် ထွက်သဖြင့် သိုးကိုခတ်၍ သိုးချိုနှစ်ချောင်းကိုချိုးဖဲ့၏။ သိုးသည် ခံနိုင်သောတန်ခိုးမရှိသည်ဖြစ်၍၊ ဆိတ်သည်သူ့ကို မြေ၌လှဲ၍ နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ မကယ်မလွှတ်နိုင်။ ၈သို့ဖြစ်၍၊ ထိုဆိတ်သည်အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်သောချိုလေးချောင်းပေါက်၍၊ မိုဃ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။ ၉ထိုလေးချောင်းတွင် တချောင်းထဲက အခြားသောချိုတက် တချောင်းပေါက်ပြန်၍၊ တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့၎င်း၊ သာယာသောပြည်သို့၎င်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်း သို့ရောက်လေ၏။ ၁ဝကောင်းကင်ဗိုလ်ခြေတိုင်အောင် ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။ ၁၁ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်းရာ ဌာနတော်ကိုရှုတ်ချလေ၏။ ၁၂အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍၊ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍အောင်မြင်ခြင်းသို့ ရောက်လေ၏။

၁၃ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်းအလိုငှါ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ် သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊ ၁၄ယခင်ပြောသောသူက၊ ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင် တည်လိမ့်မည်။ ထိုနောက်၊ သန့်ရှင်းရာ ဌာနကိုတဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ပြောဆို၏။

၁၅ငါဒံယေလသည် ထိုရူပါရုံကိုမြင်၍ အနက်ကိုရှာဖွေသောအခါ၊ လူသဏ္ဍန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။ ၁၆အခြားသောသူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပြောလော့ဟု၊ ဥလဲမြစ်နားကြားမှာ လူအသံနှင့် ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။ ၁၇ထိုသူသည် ငါရပ်နေရာ အပါးသို့လာလျှင်၊ ငါသည်ကြောက်ရွံ့၍ ပြပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန်ရသောကာလနှင့် ဆိုင်သည်ဟု ငါ့အားပြောဆို၏။ ၁၈ထိုသို့ဆိုသောအခါ ငါသည် မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည် ငါ့ကိုလက်နှင့်တို၍၊ ယခင်နေရာ၌ မတ်တပ်နေစေပြီးလျှင်၊ ၁၉ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သော အရာကို ငါကြားပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ် လိမ့်မည်။

၂ဝချိုနှစ်ချောင်းနှင့် ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။ ၂၁အမွေးကြမ်းသော ဆိတ်သည် ဟေလသရှင်ဘုရင်ဖြစ်၏။ မျက်စီနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပဌမမင်းဖြစ်၏။ ၂၂ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ချိုလေးချောင်းပေါက်သည်မှာ၊ အရင်နိုင်ငံတွင် နိုင်ငံလေးပါးတည်ထောင်လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။ ၂၃ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူးသောသူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီးတပါးပေါ်လာ လိမ့်မည်။ ၂၄ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲ လျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွါးအောင်မြင်လိမ့်မည်။ စွမ်းအားကြီးသောလူစု၊ သန့်ရှင်းသော လူစုကိုပင် ဖျက်ဆီးလိမ့်မည်။ ၂၅သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်းအောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်း နှင့်တကွ မိဿဟာယဖွဲ့သောအားဖြင့် လူများတို့ကိုဖျက်ဆီး၍၊ သခင်တို့၏ သခင်ကိုဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ၂၆ညဦးနှင့် နံနက်ကို ဘော်ပြသော ဗျာဒိတ်ရှုပါရုံစကားမှန်သည်ဖြစ်၍၊ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သောကာလ တိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။

၂၇ထိုအခါ ငါဒံယေလသည် မော၍ နာလျက်နေ၏။ တဖန်အနာမထမြောက်၍ ရှင်ဘုရင်၏ အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကိုငါအံ့သြသော်လည်း၊ ထိုအမှုကို အဘယ်သူမျှမရိပ်မိကြ။