၎ရာ အခန်းကြီး(၂၅)


၁ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်း တို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊ ၂ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။ ၃ထိုနှစ်စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာ အာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ ၄ခါလဒဲလူတို့သည် မြို့ရိုးကိုဖြိုဖောက်၍ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညဥ့်အခါပြေး၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ ၅ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကိုလိုက်၍ ယေရိခေါလွင် ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။ ၆ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏ အမှုကိုစစ်ကြော စီရင်သည်အတိုင်း၊ ၇ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားကြ၏။

၈ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ်ကိုးနှစ်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံ တော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ ၉ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီးရှို့လေ၏။ ၁ဝကိုယ်ရံတော်မှူး၌ ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ ၁၁ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။ ၁၂သို့ရာတွင် စပျစ်ဥယျာဉ်ကို ပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။

၁၃ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါရေကန်ကို၎င်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှတို့ကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။ ၁၄အိုးကင်း၊ တူရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာ ရှိသမျှတို့ကိုလည်း ယူသွားကြ၏။ ၁၅ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုး အစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။ ၁၆ဗိမာန် တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ်တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။ ၁၇တိုင်အမြင့်ကား တဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည် ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း အတူဖြစ်၍ ကွန်ရွက်နှင့်ပြည့်စုံ၏။

၁၈ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ် ဇေဖနိ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ၏။ ၁၉စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ၌တွေ့မိသော တိုင်ပင်မှူးမတ် ငါးယောက်၊ ပြည်သူပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီးတယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သား ခြောက်ဆယ်တို့ကို မြို့ထဲကခေါ်သွား၍၊ ၂ဝဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်ခဲ့ပြီးလျှင်၊ ၂၁ဗာဗုလုန်ရှင်ဘုရင် သည် ဟာမက်ပြည် ရိဗလမြို့၌ ထိုသူတို့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှသိမ်း သွားခြင်းကို ခံရသတည်း။

၂၂ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသောလူတို့ကို အုပ်ရသောမင်း အရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။ ၂၃ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ်အရာ၌ ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိသောအခါ၊ နာဿလိသား ဟုရှမေလ၊ ကာရာသား ယောဟနန်၊ နေတောဖတ်အမျိုး၊ တနုမက်သား စရာယ၊ မခသိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ၂၄ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရမည်အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့် မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။

၂၅သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာသား နာသနိ၏သား ဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊  မိဇါမြို့၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင်လုပ်ကြံလေ၏။ ၂၆ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက်သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။

၂၇ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလ နှစ်ဆယ်ခုနစ်ရက် နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရောဒက် နန်းစံစက၊ ယုဒရှင်ဘုရင် ယေခေါနိကို ထောင်ထဲကနှုတ်၍ ချမ်းသာ ပေးလေ၏။ ၂၈ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။ ၂၉ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှ ကာလပတ်လုံး အစဉ်မပြတ် အထံတော်၌စားသောက်ရ၏။ ၃ဝအသက်ရှည်သမျှနေ့ရက် အစဉ်မပြတ် သူစားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။

 

ဓမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။