၃ရာ အခန်းကြီး (၁၈)


၁ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်က ပတ်တော်က၊ သင်သည်အာဟပ်မင်းအားသွား၍ ကိုယ်ကိုပြလော့။ ငါသည်လည်းမြေပေါ်မှာမိုဃ်းရွာ စေမည် ဟုမိန့်တော်မူသည့်အတိုင်း၊ ၂ဧလိယသည်အာဟပ်မင်းအားကိုယ်ကိုပြအံ့သောငှါသွား၏။ ထိုအခါရှမာရိမြို့၌ ပြင်းစွာ သောအစာအဟာရ ခေါင်းပါးခြင်းဘေးရှိ၍၊ ၃အာဟပ်မင်းသည် နန်းတော်အုပ်သြဗဒိကိုခေါ်၏။ ထိုသြဗဒိသည်ထာဝရ ဘုရားကိုအလွန်ရိုသေသောသူဖြစ်၏။ ၄ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ၊ သြဗဒိသည်ပရောဖက် တရာကိုမြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ကျွေးလေ၏။ ၅အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည်မသေ၊ မြင်းနှင့်လား တို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု သြဗဒိအားဆိုလျက်၊ ၆သူတို့သည်တပြည်လုံးကိုနှံ့ပြားအောင်ဝေဖန်၍၊ အာဟပ်နှင့် သြဗဒိသည်လမ်းတခြားစီထွက်သွားကြ၏။ ၇သြဗဒိသည်သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ သြဗဒိသည် လိယကိုသိ၍ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင်ဧလိယအမှန်ပါသလောဟု မေးလျှင်၊ ၈ဧလိယကငါမှန်၏။ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့် သခင်ထံသို့သွား၍ လျှောက်လော့ဟုပြောဆိုသော်၊ ၉သြဗဒိကလည်း၊ ကိုယ်တော်ကျွန်၏အသက်ကို သတ်စေခြင်းငှါ အာဟပ်၌အပ်ရမည့်အကြောင်း၊ ကိုတော်ကျွန်သည် အဘယ်တို့ပြစ်မှားဘိသနည်း။ ၁ဝကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း၊ ကိုယ်တော်ကိုရှာစေခြင်းငှါကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံ တခုမျှမရှိပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမရှိပါဟုလျှောက်ထားသောအခါ၊ ကိုယ်တော်ကိုရှာ၍မတွေ့နိုင်ဟု ထို တိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။ ၁၁ယခုမူကား၊ ဧလိယသည်ဤမည်သော အရပ်၌ရှိပါ၏ဟု သင့်သခင် ထံသို့သွား၍ လျှောက်လော့ဟု မိန့်တော်မူပါသည်တကား။ ၁၂အကျွန်ုပ်သည်ကိုယ်တော်ထံမှ ထွက်သွား၍အာဟပ် မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကိုဆောင် သွားတော်မူလျှင်၊ အာဟပ်မင်းသည်ကိုယ်တော်ကိုမတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန် မူကား၊ အသက်ငယ်စဉ်ကာလမှစ၍  ထာဝရဘုရားကို ရိုသေပါပြီ။ ၁၃ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကိုသတ်သောအခါ၊ အကျွန်ုပါပြုသောအမှုတည်း ဟူသောထာဝရဘုရား၏ ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော။ ၁၄ယခုမူကား၊ ဧလိယသည်ဤမည်သော အရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်ဟု ပြန်ဆို၏။ ၁၅ဧလိယကလည်း ငါကိုးကွယ်သောကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း၊ ငါသည်ယနေ့ အာဟပ်မင်းအားကိုယ်ကိုအမှန်ပြမည်ဟု ဆိုပြန်သော်၊ ၁၆သြဗဒိသည်အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည်ဧလိယကို ကြိုဆိုအံ့သောငှါသွား၍၊ ၁၇တွေ့မြင်သောအခါ၊ သင်သည်ဣသရေလအမျိုး ကိုနှောက်ရှက်သော သူမှန်သလောဟု မေးလျှင်၊ ၁၈ဧလိယက၊ ငါသည်ဣသရေလအမျိုးကိုမနှောက်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရာ၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအ မျိုးကိုနှောက်ရှက်ကြပြီ။ ၁၉သို့ရာတွင်လူကိုယခုစေလွှတ်၍ ဣသရေလအမျိုးသား အပေါင်းတို့ကို၎င်း၊ ဗာလမရော ဖက်လေးရာငါဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပရောဖက် လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့စုဝေးစေလော့ဟု ဆိုသည်အတိုင်း၊ ၂ဝအာဟပ်သည်ဣသရေလ အမျိုးသားအပေါင်းတို့ရှိရာသို့ လူကိုစေလွှတ်၍၊ ပရောဖက်တို့ကိုကရမေလတောင်ပေါ်မှာစုဝေးစေ၏။

၂၁ဧလိယသည်လူများရှိရာသို့လာ၍၊ သင်တို့သည်ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့်နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်း ကပ်ကြလော့။ ဗာလသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်းကပ်ကြလော့ဟုဆိုလျင်၊ လူများတို့သည် တိတ်ဆိတ်စွာနေကြ၏။ ၂၂တဖန်ဧလိယက၊ ထာဝရဘုရား၏ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကားလေးရာ ငါးဆယ်ရှိကြ၏။ ၂၃နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည်တကောင်ကို ရွေး၍ အပိုင်းပိုင်းဖြက်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်းနွားတကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။ ၂၄သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်းထာဝရဘုရား၏ နာမတော်ကိုဟစ်ခေါ်မည်။ မီးဖြင့်ထူးတော်မူ သောဘုရားသည် ဘုရားသခင် မှန်ပါစေဟု လူများတို့အားပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။ ၂၅တဖန်ဧလိယက၊ သင်တို့သည်များသောကြောင့် နွားတကောင်ကို အရင်ရွေ့၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည်အတိုင်း၊ ၂၆သူတို့သည်လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည်ကိုယ်တည်သောယဇ်ပလ္လင်ရှေ့မှာ ကခုန် ကြ၏။ ၂၇မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည်ဘုရားဖြစ်တော်မူ၏။ ဆင်ခြင် လျက်နေတော်မူ၏။ သို့မဟုတ်တစုံတခုကိုလိုက်၍ရှာတော်မူ၏။ သို့မဟုတ်ခရီးသွားတော်မူ၏။ သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက်သောသူသည် နှိုးရမည်ဟုပြက်ယယ်ပြု၍ဆို၏။ ၂၈သူတို့သည်လည်း ကျယ်သောအသံနှင့်ဟစ်၍ ထုံးစုံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါထား၊ သံစူးနှင့် ကိုယ်ကိုရှစေကြ၏။ ၂၉မွန်းလွဲ၍ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင်ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊ ၃ဝဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကို ခေါ်သည့်အတိုင်း၊ လူအပေါင်းတို့သည်အနီးသို့လာကြ၏။ ထိုအခါ ဧလိယသည်ပြိုပျက်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊ ၃၁သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသောထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သားအမျိုးအနွှယ်အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကိုယူ၍၊ ၃၂ထာဝရဘုရား၏ နာမတော်အဘို့ယဇ်ပလ္လင်ကိုတည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျူံးကိုယဇ်ပလ္လင်ပတ်လည်၌တူးလေ၏။ ၃၃ထင်းကိုစီး၍ နွားကိုလည်းအပိုင်း ပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာတင်လေ၏။ ၃၄အိုးလေးလုံးကိုရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့်ထင်းပေါ်မှာ လောင်းကြလော့ဟု ဆိုသည့်အတိုင်းသူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြ ဦးလော့ဟုဆိုသည့်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင်လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည်သုံးကြိမ် တိုင်အောင်လောင်းကြ၏။ ၃၅ရေသည်ယဇ်ပလ္လင်ပတ်လည်၌စီး၍ ကျုံးသည်လည်းရေနှင့် ပြည့်လေ၏။ ၃၆ညဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည်ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ အကျွန်ုပ်သည်ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို၎င်း၊ ယနေ့သိကြပါစေသော၊ ၃၇အိုထာဝရဘုရား၊ ကိုယ်တော်သည်ထာဝရ အရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ ဤလူတို့ စိတ်သဘောကိုပြောင်းလဲစေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကိုနားထောင်တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။ ၃၈ထိုအခါထာဝရဘုရား၏ မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျူံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။ ၃၉လူအပေါင်းတို့သည်မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏ ဟုဝန်ခံကြ၏။ ၄ဝဧလိယကလည်း၊ ဗာလ၏ ပရောဖက်တို့ကိုဘမ်းဆီးကြ လော့။ တယောက်ကိုမျှမလွှတ်စေနှင့်ဟုစီရင်သည့်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။

၄၁ထိုနောက်မှဧလိယက၊ မင်းကြီးသည်စားသောက်ခြင်းငှါတက်သွားပါလော့။ များစွာသော မိုဃ်းရွာမည့် အသံရှိသည်ဟု အာဟပ်အားပြောဆိုလျှင်၊ ၄၂အာဟပ်သည်စားသောက်ခြင်းငှါတက်သွား၏။ ဧလိယသည်ကရမေ လတောင်ပေါ်သို့တက်၍၊ မြေ၌ပြပ်ဝပ်လျက်မျက်နှာကိုဒူးကြားမှာထားလျက်၊ ၄၃မိမိကျွန်အားသင်တက်၍ ပင်လယ်သို့ ကြည့်ရှု့လော့ဟုဆိုသည့်အတိုင်း၊ ကျွန်သည်တက်၍ကြည့်ရှု့လျှင်၊ အဘယ်အရာမျှမရှိပါဟုပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင်သွား၍ကြည့်ရှု့ဦးလော့ဟုဆို၏။ ၄၄ခုနှစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့်တူသောမိုဃ်းတိမ်ငယ် တခုသည်ပင်လယ်ထဲကတက်ပါ၏ဟု ဆိုသော်၊ အာဟပ်မင်းထံသို့သွားလော့။ မိုဃ်းရွာ၍ဆီးတားမည်ကိုစိုးရိမ် စရာရှိသောကြောင့်၊ မင်းကြီးပြင်ဆင်၍ပြန်သွားမည်အကြောင်းလျှောက်ထားလော့ဟု မှာလိုက်လေ၏။ ၄၅မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့်မည်း၍ပြင်းစွာမိုဃ်းရွာ၏။ အာဟပ်သည်ရထားစီး၍ ယေဇရေလမြို့သို့သွား၏။ ၄၆ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည်ခါးပန်းကိုစည်း လျက် အာဟပ်မင်း အရင်ယေဇရေမြို့တံခါးဝသို့ပြေးလေ၏။