၃ရာ အခန်းကြီး (၂)


၁ဒါဝိဒ်သည် အနိစ္စရောက်ရသော အချိန်နီးသောအခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူ သည်ကား၊ ၂မြေကြီးသားအပေါင်းတို့၏သွားရာလမ်းသို့ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။ ထာဝရဘုရားသည်ငါ့အားဗျာဒိတ်ပေးတော်မူသည်ကား၊ ၄သင်၏သားမြေးတို့ သည်စိတ်နှလုံးအကြွင်းမဲ့ငါရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာလမ်းကိုသတိပြုလျှင်၊ ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာထိုင်ရသောသင်၏အမျိုး မင်းရိုးမပြတ်ရာမိန့်တော်မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်မည်အကြောင်း သင်၏ဘုရားသခင် ထာဝရဘုရား၏ လမ်းတော်သို့လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသောစီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော် တို့ကိုစောင့်ရှောက်စေခြင်းငှါ မှာထားတော်မူသောစကားကိုနားထောင်လော့။ ၅ဇေရုယာသားယွာဘသည်ငါ၌ ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ၏သား အာမသ၌ ပြုသောအမှုတည်း ဟူသောသူတို့ကိုသတ်၍ စစ်မတိုက်ဘဲစစ်အသွေးကိုသွန်းလောင်းသဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသော ခြေနင်းတို့ကိုစစ်အသွေးနှင့်လူးသောအမှုကိုသင်သိသည်ဖြစ်၍၊ ၆သင်၌ပညာရှိသည်အတိုင်းစီရင်လျက်၊ ဆံပင်ဖြူသောထိုသူ၏ ဦးခေါင်းကိုမရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။ ၇ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ ကိုကားကျေးဇူးပြု၍ စားပွဲတော်၌စားသော လူစုထဲသို့ဝင်စေလော့။ သင့်အစ်ကို အဗရှလုံကြောင့်ငါပြေးရသောအခါ၊ သူတို့သည်ထိုသို့သော ကျေးဇူးကိုပြု၍ငါ့ထံသို့လာကြ၏။ ၈ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကိုကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟုရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကို ခရီးဦးကြိုပြု အံ့သောငှါယော်ဒန်မြစ်နားသို့လာသောအခါ၊ သင့်ကိုငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊ ၉ထိုသူကိုအပြစ်မရှိသောသူကဲ့သို့မမှတ်ရဘဲ၊ သင်သည်လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့စီရင်သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသောထိုသူ၏ခေါင်းကို အသေသတ်ခြင်းအား ဖြင့်မရဏာနိုင်ငံသို့ ဆင်းစေလော့ဟုမှာထား တော်မူပြီးမှ၊ ၁ဝဒါဝိဒ်သည်ဘိုးတော် ဘေးတော်တို့နှင့်အိပ်ပျော်၍ဒါဝိဒ်မြို့၌သဂြိုလ်ခြင်းကိုခံတော်မူ၏။ ၁၁ဟေဗြုန်မြို့ ၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ်သုံးနှစ်မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ်လေးဆယ်စိုးစံတော်မူ၏။ ၁၂ရှောလမုန် သည်ခမည်းတော်ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာထိုင်တော်မူ၍၊ အာဏာတော်သည်အမြဲတည်၏။ ၁၃ထို့နောက် ဟဂ္ဂိတ်၏ သားအဒေါနိယသည်ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘကသင်သည် မိတ်ဆွေဖွဲ့လျက်လာ  သလောဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက်လာပါ၏။ ၁၄ပြောစရာ တစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်ကပြောပါဟု ပြန်ဆို၏။ ၁၅အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ်လက်သို့ ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသားပေါင်း တို့သည် ကျွန်ုပ်ကိုရှင်ဘုရင်အဖြစ် မြှောက်ချင်သည် အကြောင်းကို၎င်းမယ်တော်သိပါ၏။ သို့သော်လည်း နိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ညီတော်လက်သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။ ၁၆ယခုမှာ တစုံတခုသောဆုကိုမယ်တော်၌တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။ ၁၇သူကလည်းရှောလမုန်မင်းကြီးသည်ရှုနင်မြို့သူ အဘိရှက်ကိုကျွန်ုပ် အားပေးစားတော်မူ မည်အကြောင်းလျှောက် ပါတော့။ မင်းကြီးသည်မယ်တော်ကို ငြင်းတော်မမူနိုင်ဟု ဆိုလေသော်၊ ၁၈ဗာသရှေဘကကောင်းပြီ။ သင့်အဘို့ နားတော်လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော်လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီး ထံတော်သို့သွား၏။ ၁၉ရှင်ဘုရင်မယ်တော်ကို ခရီးဦးကြိုပြု အံ့သောငှါထ၍ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှာထိုင်တော်မူ၏။ မယ်တော်ထိုင်စရာဘို့စီရင်၍ သူသည်လက်ျာတော် ဘက်မှာ ထိုင်လေ၏။ ၂ဝထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟုလျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်တောင်းပါ၊ ကျွန်ုပ်မငြင်းပါ ဟုမိန့်တော်မူ၏။ ၂၁မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကိုနောင်တော် အဒေါနိယအား ပေးစားတော်မူပါဟု တောင်းလေသော်၊ ၂၂ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင်မြို့သူအဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရသနည်း။ နိုင်ငံတော်ကိုလည်းသူအဘို့တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော် ဖြစ်၏။ သူနှင့် ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏သားယွာဘ အဘို့တောင်းပါလော့ဟု မယ်တော်အားပြန်ပြောပြီးမှ၊ ၂၃တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိအသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင်သည် ငါ့အားထိုမျှမက ပြုတ်ာမူစေသတည်း။ ၂၄ငါ့ကို မြဲမြံစေသဖြင့်၊ ငါ့ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပြီးမှ၊ ၂၅ယောယဒသားဗေနာယကို စေလွှတ်၍၊ အဒေါနိယကို သေအောင် လုပ်ကြံလေ၏။

၂၆ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်ခေါ်၍၊ သင်သည် အာနသသုတ်မြို့၊ သင်ပိုင်သောမြေသို့ သွားလော့။ သင်သည်အသေခံထိုက်သော်လည်း ယခုငါမစီရင်။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်၏ သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ၊ ငါ့ခမည်းတော် ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံ လေပြီဟု မိန့်တော်မူ၏။ ၂၇ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်းပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည်အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရားထံတော်၌ ယဇ်ပုရောဟိတ် မဖြစ်စေခြင်း ငှာနှင်ထုတ်တော်မူ၏။

၂၈ယွာဘမူကား၊ အဗရှလုံနောက်သို့မလိုက်သော်လည်း၊ အဒေါနိယ နောက်သို့လိုက်သောသူဖြစ်၍၊ ထိုသိတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏ တဲတော်သို့ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကိုကိုင်လျက်နေ၏။ ၂၉ယွာဘ သည် ထာဝရဘုရား၏ တဲတော်သို့ပြေးပါပြီ။  ယဇ်ပလ္လင်အနားမှာရှိပါသည်ဟု ရှောလမုန် မင်းကြီးအား လျှောက်သော အခါ၊ ယွာဘကို လုပ်ကြံလော့ဟု ယေယဒသား ဗေနာယကို စေလွှတ်တော်မူ၏။ ၃ဝဗေနာယသည် ထာဝရဘုရား၏ တဲတော်သို့သွား၍၊ ရှင်ဘုရင် ခေါ်တော်မူသည်ဟု ဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယကလည်း၊ ယွာဘသည် ဤသို့ပြန်ပြောပါ၏ဟု နားတော်လျှောက်လေသော်၊ ၃၁ရှင်ဘုရင်က၊ အပြစ်မရှိသော  သူ၏အသက်ကိုယွာဘသတ်သော အပြစ်နှင့်ငါမှစ၍ ငါ့အဆွေ အမျိုးကင်းစင်မည်အကြောင်းသူ့စကားအတိုင်းပြု လော့။ သူ့ကိုလုပ်ကြံ၍ သဂြိုလ်လော့။ ၃၂သူသည် မိမိထက်သာ၍ ဖြောင့်မတ်ကောင်းမြတ်သောသူ၊ ဣသရေလဗိုလ် ချူပ်နေရ၏သား အာဗနာနှင့် ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်းတော် ဒါဝိဒ်မသိဘဲတိုက်၍ ထားနှင့်သတ်သော အပြစ်ကိုထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက်စေတော်မူမည်။ ၃၃ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့်သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင်တော်၌ ထာဝရဘုရားပေးတော်မူသောငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူ သည်အတိုင်း၊ ၃၄ယောယဒသားဗေနာယသည်သွားပြီးလျှင်၊ ယွာဘကိုတိုက်သတ်၍ တောအရပ်၊ ယွာဘနေရာ အိမ်၌ သင်္ဂြိုလ်လေ၏။ ၃၅ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။

၃၆တဖန်ရှင်ဘုရင်သည်ရှိမိကိုခေါ်ပြီးလျှင်၊ သင်သည်ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍နေရမည်။ မြို့ပြင်သို့ထွက်၍အဘယ်အရပ်ကိုမျှမသွားနှင့်။ ၃၇မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကိုကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟုသတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာသက် ရောက်စေဟု မိန့်တော်မူသော်၊ ၃၈ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီးမိန့်တော်မူသည် အတိုင်းကိုယ်တော်ကျွန်ပြု ပါမည်ဟု ပြန်လျှောက်၍ ယေရုရှလင်မြို့၌ကြာမြင့်စွာနေလေ၏။ ၃၉သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည်ဂါသမင်းကြီးမာခါသားအာခိတ်ထံသို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊ ၄ဝထ၍သောမြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကိုခေါ်လေ၏။ ၄၁ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့သွား၍ပြန်လာကြောင်းကို ရှောလမုန်မင်းကြီးကြားလေသော်၊ ၄၂ရှိမိကိုခေါ်ပြီးလျှင်၊ သင်သည်မြို့ပြင်သို့ ထွက်၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌အသေသတ်ခြင်း အမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကိုငါကျိန်ဆိုစေ၍ သတိပေးသည် မဟုတ်လော။ သင်ကလည်း ကျွန်တော်ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည်မဟုတ်လော။ ၄၃သို့ဖြစ်၍ ထာဝရဘုရား၏ သစ္စာတော်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော်မူပြီးမှ၊ ၄၄တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော် ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ရောက် စေတော်မူ၏။ ၄၅ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲ တည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊ ၄၆ယောယဒသားဗေနာယသည် အမိန့်တော်ကိုခံ၍ ပြင်သို့ ထွက်ပြီးလျှင် ရှိမိကို သေအောင်လုပ်ကြံလေ၏။ ထိုသို့ နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။