၂ရာ အခန်းကြီး(၁၂)


၁နောက်တဖန် ထာဝရဘုရားသည် ပရောဖက်နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန်သည် ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင်သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။ ၂သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့်ကြွယ်ဝပြည့်စုံပါ၏။ ၃ဆင်းရဲသားမူကား၊ မိမိဝယ်၍မွေးစားသော သိုးမကလေးတကောင် တည်းမှတပါး အခြားသောဥစ္စာမရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏သားသမီးတို့နှင့်၎င်း ပေါင်း၍ကြီးပွါး၏။ အရှင်၏ အစာကိုစားတတ်၏။ အရှင်၏ရေခွက်၌ သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ဖြစ်၏။ ၄သူဌေးအိမ်သို့ ဧည့်သည်တဦး ရောက်၍ သူဌေးသည်ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြောသောကြောင့်မယူ၊ ဆင်းရဲသား၏ သိုးမကလေးကိုယူ၍ ဧည့်သည်ကိုလုပ်ကျွေးဘို့ ချက်ပါသည်ဟုလျှောက်လေသော်၊ ၅ဒါဝိဒ်သည် ထိုသူဌေးကို ပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်းထိုသို့ပြုသော သူသည်အမှန် သေရမည်။ ၆ဂရုဏာစိတ်မရှိဘဲ ထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက်လေးဆပြန်ပေးရ မည်ဟုမိန့်တော်မူ၏။ ၇နာသန်ကလည်း၊ ထိုသူသည်ကားအခြားသူမဟုတ်။ ကိုယ်တော်ပင်ဖြစ်၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ဘိသိက်ပေး၍သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။ ၈သင့်သခင်၏ အဆွေအမျိုး ကို၎င်း၊ သင့်သခင်၏မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ငါအပ်ပေးပြီ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ထိုအရာများမလောက်လျှင် အခြားတစ်ပါး သော အရာရာတို့ကို ပေးခြင်းငှာ ငါအလိုရှိ၏။ ၉သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကို  မထီမဲ့မြင်ပြု၍ ရှေ့တော်၌ ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏ အသက်ကိုထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့် သတ်လေပြီတကား။ ၁ဝယခုမှာသင်သည် ငါ့ကို မထီမဲ့မြင် ပြု၍ ဟိတ္တိလူ၊ ဥရိယ၏ မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့် အစဉ်တွေ့ကြုံရကြ လိမ့်မည်။ ၁၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသောသူကို သင်၏ အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌ အပ်သဖြင့်၊ သူသည်နေရှေ့မှာ သင်၏ မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။ ၁၂သင်သည်ဤအမှုကို မထင်မရှားပြု သော်လည်း၊ နေရှေ့မှာငါလှန်ပြမည်ဟု ထာဝရ ဘုရားမိန့်တော်မူသော စကားကို ပြန်ကြားလေ၏။ ၁၃ဒါဝိဒ်ကလည်း ငါသည်ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကိုပယ်တော်မူပြီ။ ၁၄သို့သော်လည်း ကိုယ်တော်သည် ထိုသိုပြစ်မှားသောအားဖြင့်၊ ကဲ့ရဲ့စရာ အခွင့်ကြီးကိုထာဝရဘုရား၏ ရန်သူ တို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက်ဆိုပြီးလျှင်၊ ၁၅နန်းတော်မှထွက်သွားသောနောက်၊ ထာဝရဘုရားသည်ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းထန်သောဝေဒနာကိုခံရ၏။ ၁၆ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကို ရှောင်လျက်၊ အထဲသို့ဝင်၍ တညဥ့်လုံး မြေပေါ်မှာ အိပ်လျက်နေ၏။ ၁၇နန်းတော်သား အသက်ကြီးသူတို့ သည်ထ၍ ကိုယ်တော်ကိုချီကြွအံ့ သောငှါချဉ်းကပ်ကြ သော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူအစာ မစားဘဲနေ၏။ ၁၈ခုနစ်ရက်စေ့သော်သူငယ်သေ၏။ ဒါဝိဒ်၏ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော် မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကိုလျှောက်လျှင် အလွန်ကိုယ်ကိုယ် ညှဉ်းဆဲတော်မူလိမ့်မည်ဟု ဆိုလျက် သူငယ်သေကြောင်းကို မလျှောက်ဝံ့ကြ။ ၁၉သို့ရာ တွင်ကျွန်တို့သည်တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကိုရိပ်မိသဖြင့်၊ သူတို့ကလည်းသေပါပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။ ၂ဝထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်း ကိုပြုပြီးလျှင်၊ ထာဝရဘုရား၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့သည် စားပွဲတော် ကိုပြင်၍ မင်းကြီးသည်စားတော်မူ၏။ ၂၁ကျွန်တို့ကလည်း၊ ကိုယ်တော်သည်အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင် စဉ်အခါ၊ သူငယ်အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါ သည်တကားဟုလျှောက်လျှင်၊ ၂၂ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကိုချမ်းသာပေးတော်မူမည် မမူမည်ကို အဘယ်သူဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေးလျက်ရှိနေ၏။ ၂၃ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကို ပြန်၍ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ပြန်မလာရဟု မိန့်တော်မူ၏။ ၂၄တဖန် ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍  ဆက်ဆံလေ၏။ သူသည်လည်းသားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။ ၂၅ထာဝရဘုရားသည်ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိအမည်ဖြင့်မှည့်တော်မူ၏။

၂၆ယွာဘသည်လည်းအမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကိုရပြီးမှ၊ ၂၇ဒါဝိဒ်ထံတော်သို့ လူကိုစေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ကန်တော်ရှိရာမြို့ကို ရပါပြီ။ ၂၈ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြလိမ့် မည်ဟုလျှောက်လျင်၊ ၂၉ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ချီသွား၍ တိုက်ယူလေ၏။ ၃ဝမင်းကြီး၏ သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိ သတည်း။ မြို့၌ လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ ၃၁မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့် အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌လည်း ကျင်လည်စေ၏။ ထိုသို့ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသား အပေါင်းတို့၌ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူယေရုရှလင်မြို့သို့ ပြန်လေ၏။