၂ရာ အခန်းကြီး(၁၄)


၁ထိုသို့ရှင်ဘုရင်၏ စိတ်နှလုံးသည် အဗရှလုံသို့ ပါသွားကြောင်းကို ဇေရုယာသားယွာဘသည် ရိပ်မိသော အခါ၊ ၂တေကောမြို့သို့ စေလွှတ်၍ ပညာရှိသော မိန်းမကို ခေါ်ပြီးလျှင်၊ သင်သည် ဆီမလိမ်းပါနှင့်။ စိတ်မသာညည်း တွားဟန်ပြု၍ မသာအဝတ်ကိုဝတ်ပါတော့။ လူသေအတွက် ကြာမြင့်စွာငိုကြွေးသော မိန်းမယောင်ဆောင်လျက်၊ ၃ရှင်ဘုရင်ထံတော်သို့ဝင်၍ ဤသို့လျှောက်ရမည်ဟု သွန်သင်လ၏။ ၄ထိုတေကောမြို့သူ မိန်းမသည် အထံတော်သို့ ဝင်၍ မြေပေါ်မှာ ပြပ်ဝပ်ရှိခိုးလျက်၊ အရှင်မင်းကြီး၊ ကယ်မသနားတော်မူပါဟု လျှောက်လေ၏။ ၅ရှင်ဘုရင်ကလည်း၊ အဘယ်အမှုရှိသနည်းဟု မေးတော်မူလျှင် မိန်းမက၊ ကျွန်တော်မသည် လင်သေသောမုတ်ဆိုးမဖြစ်ပါ၏။ ၆ကိုယ်တော်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်တို့သည် ခိုက်ရန်ပြုကြပါ၏။ ဖျန်းဖြေသောသူ မရှိသောကြောင့် တယောက်သည် တယောက်ကိုသေသည်တိုင်အောင် လုပ်ကြံပါ၏။ ၇ယခုမှာ အဆွေအမျိုးအပေါင်း တို့သည် ကိုယ်တော် ကျွန်မတဘက်၌ ထကြ၍ အစ်ကိုကို သတ်သောသူကို သေစားသေစေခြင်းငှာအပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟု ဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသော မီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏ အမည်ကို ၄င်း၊ အကျန်အကြွင်းကို၎င်း၊ မြေကြီးပေါ်က သုတ်သင် ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊ ၈ရှင်ဘုရင်က သင့်အိမ်သို့ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအား မိန့်တော်မူ၏။ ၉တေကောမြို့သူ မိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မ အဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟု လျှောက်လျှင်၊ ၁ဝရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တဖန်သင့်ကို မနှောင့်ရှက်ရဟု မိန့်တော်မူသော်၊ ၁၁မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏ သားကိုသတ်မည်ဟု စိုးရိမ်ပါသည် ဖြစ်၍၊ သူတို့သည်အထူးသဖြင့် မဖျက်ဆီးစေခြင်းငှာ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား ကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား၏ ဆံပင်တစ်မျှမြေပေါ်သို့မကျရဟု မိန့်တော်မူ၏။ ၁၂တဖန်မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတစ်ခွန်းလျှောက်ရသော အခွင့်ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။ ၁၃မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏ လူတို့တဘက်၌ အဘယ်ကြောင့် ကြံစည်တော်မူသနည်း။ အရှင်မင်းကြီးနှင့် ထုတ်သောသူကို တဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကိုအပြစ်တင်၍ စီရင်တော်မူပါပြီတကား။ ၁၄ငါတို့သည် သေအံ့သော သူဖြစ်ကြ၏။ မြေပေါ်မှာသွန်းပြီးလျှင် နောက်တဖန်ကျူံး၍ မယူနိုင်သော ရေနှင့်တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသော သူသည် အစဉ်နှင်ထုတ်ခြင်းကို ခံ၍ မနေရမည် အကြောင်းကြံစည် တော်မူ၏။ ၁၅သို့ဖြစ်၍ ကျွန်တော်မသည် လာ၍ ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည် အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည် ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်းပြုတော်မူမည်။ ၁၆ငါနှင့်ငါ့သားကို ဘုရားသခင်၏ အမွေတော် မြေပေါ်ကသုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကိုနှုတ်အံ့သောငှာ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။ ၁၇ကိုယ်တော်ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။ ၁၈ထိုအခါ ရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့်ဟု အမိန့်ရှိသော်၊ မိန်းမက အရှင်မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ၁၉ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အားအကြံပေး သည်မဟုတ်လောဟု မေးသော်၊ မိန်းမက အိုအရှင်မင်းကြီး၊ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီး မိန့်တော်မူသော စကားလမ်းမှ လက်ျာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော်မကို မှာထား၍ ဤစကားအလုံး စုံတို့ကို သွန်သင်ပါ၏။ ၂ဝပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှာ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင်သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည်တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည် ဟု ပြန်လျှောက်လေ၏။

၂၁ထိုအခါ ရှင်ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထိုလုလင်အဗရှလုံကို တဖန်ခေါ်ရမည်ဟု ယွာဘအား မိန့်တော်မူ၏။ ၂၂ယွာဘသည်လည်း မြေပေါ်မှာ ဦးချပြပ်ဝပ်လျက်၊ ကျွန်တော်သခင် အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီးပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။ ၂၃ထိုနောက်ယွာဘသည် ထ၍ ဂေရှုရမြို့သို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့လေ၏။ ၂၄ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။

၂၅ဣသရေလအမျိုးတမျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသောသူ တယောက်မျှမရှိ။ ခြေဘဝါး မှ သည်ဦးထိပ်တိုင်အောင် အပြစ်တခုမျှမရှိ၊ ၂၆ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင်အကျပ်တော် အတိုင်းအကျပ်သုံးဆယ်ရတတ်၏။ ၂၇အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတယောက်ကို မြင်လေ၏။ သမီးသည်အလွန်လှသောသူဖြစ်၏။

၂၈အာဗရှလုံသည် ရှင်ဘုရင်၏မျက်နှာတော်ကို မမြင်ရဘဲနှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌ နေပြီးမှ၊ ၂၉ယွာဘ ကိုရှင်ဘုရင် ထံတော်သို့စေလွှတ်မည် အကြံနှင့်ခေါ်သောအခါ ယွာဘသည်မလာ။ ၃ဝဒုတိယအကြိမ်ခေါ်သော်လည်းမ လာ။ ထိုကြောင့်ကျွန်တို့အား၊ ယွာဘ၏လယ်သည် ငါတို့နေရာနှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ကြဟုစီရင်သည် အတိုင်းအဗရှလုံး၏ ကျွန်တို့သည် မီးရှို့ကြ၏။ ၃၁ထိုအခါယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တောင်၏ ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ်ကြောင့်မီးရှို့ကြသနည်း ဟုမေးသော်၊ ၃၂အဗရှလုံက၊ ငါသည်ဂေရှုရမြို့မှအဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟုလျှောက်စေခြင်းငှါ၊ သင့်ကိုရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာရှင်ဘုရင်၏ မျက်နှာတော်ကိုငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟုယွာဘအားပြောဆိုသော်၊ ၃၃ယွာဘသည်ရှင်ဘုရင်ထံတော်သို့သွား၍ လျှောက်သဖြင့်၊ အဗရှလုံကို ခေါ်တော်မူ၏။ အဗရှလုံသည် လာ၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်၏။ ရှင်ဘုရင်သည်သူကိုနမ်းတော်မူ၏။