၂ရာ အခန်းကြီး(၂၀)


၁ထိုအခါ ဗင်္ယာမိန်အမျိုး ဗိခရိ၏ သားရှေဘအမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏ သားကိုအမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ် နေရာသို့ သွားကြဟုဆိုသဖြင့်၊ ၂ဣသရေလအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ ဗိခရိသား ရှေဘ နောက်သို့လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှ သည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ် ကြ၏။ ၃ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကိုစောင့်စေခြင်းငှာထားခဲ့သော  ကိုယ်လုပ်တော်တကျိပ် တို့ကို ယူ၍ လှောင်အိမ်၌ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့ သည်သေသည် တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမကဲ့သို့ နေရကြ၏။ ၄ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင်လာရမည်ဟု အာမသအား မိန့်တော်မူ၏။ ၅အာမသသည် သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊  ချိန်းချက်သော်အချိန်ကို လွန်စေ၏။ ၆ဒါဝိဒ်ကလည်း၊ အဗရှလုံ ပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ဝင်၍ ငါတို့လက်မှလွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊ ၇အဘိရှဲ နောက်မှာ ယွာဘ၏လူများနှင့် ခေရသိလူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်းတို့သည် ဗိခရိသား ရှေဘကို လိုက်အံ့သောငှာ ယေရုရှလင်မြို့မှ ထွက်သွားကြ၏။ ၈ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ရောက်ကြသော အခါ၊ အာမသသည် သူတို့ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွဆွဲလျက်ထား၏။ သွားစဉ်တွင် ထားသည်လျှော၍ကျ၏။ ၉ယွာဘက လည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ၏မုတ်ဆိတ်ကိုကိုင်၏။ ၁ဝလက်ဝဲလက်၌ ကိုင်သောထားကို အာမသသည် သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှ ချ၏။ ထပ်၍မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကိုလိုက်ကြ၏။ ၁၁သူအနား မှာယွာဘ၏လူတယောက်သည် ရပ်၍ယွာဘနှင့်ဒါဝိဒ်ဘက်၌ နေသောသူဖြစ်လျှင် ယွာဘနောက်သို့လိုက်တော့ ဟုဆို၏။ ၁၂အာမသသည် လမ်းမအလယ်တွင် မိမိအသွေး၌ လူးလျက်ရှိ၏။ လမ်း၌သွားလာသောသူအပေါင်းတို့သည် ရပ်၍ နေကြသည်ကို ယွာဘ၏လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ရွှေ့ပြီးလျှင်အဝတ်နှင့် ဖုံးလေ၏။ ၁၃ထိုသို့လမ်းမကရွှေ့ပြီး မှ၊ လူအပေါင်းတို့သည် ယွာဘနှင့်အတူ ဗိခရိသားရှေဘကိုလိုက်သွားကြ၏။

၁၄ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘနောက်သို့ လိုက်ကြ၏။ ၁၅ရှေဘတည်းခိုသော ဗက်မာခပြည်၊ အာဗေလမြို့ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏လူအပေါင်းတို့သည် မြို့ရိုးကိုဖြိုခြင်း ငှာထိုးဖောက်ကြ၏။ ၁၆ထိုအခါ ပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်းချဉ်းလာပါဟု ယွာဘအား လျှောက်ကြလော့ဟု ဆိုသည်အတိုင်း၊ ၁၇ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင်၊ ငါဟုတ် သည်ဟုဆိုသော် မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကိုနားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနားထောင် လျက်နေသည်ဟုဆိုသော်၊ ၁၈မိန်းမက အကယ်စင်စစ် အာဗေလမြို့မှာတိုင်ပင်၍ အမှုကိုဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။ ၁၉ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူဖြစ်ပါ၏။ ကိုယ်တော်သည် မြို့တမြို့တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှာရှာတော်မူ၏။ ထာဝရဘုရား၏ အမွေတော်ကို မျိုခြင်းငှာ အဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊ ၂ဝယွာဘက မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည်ငါနှင့် ဝေးပါစေသော၊ ဝေးပါစေသော။ ၂၁ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင် သားဖြစ်သော ဗိခရိ၏ သားရှေဘအမည်ရှိသော သူသည်ရှင်ဘုရင် ဒါဝိဒ်ကိုပုန်ကန်ပြီ။ ထိုသူကိုအပ်လော့။ အပ်လျှင် ဤမြို့မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ဦးခေါင်းကို ကိုယ်တော်ရှေ့သို့ပစ်ချပါမည်ဟု ဆိုပြီးမှ၊ ၂၂ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ဦးခေါင်းကို ဖြတ်၍ယွာဘရှေ့သို့ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ပြန်သွား၏။ ၂၃ယွာဘသည် ဣသရေလ တပ်သားအပေါင်းတို့ကို အုပ်သောဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့်ပေလသိလူတို့ကို အုပ်ရ၏။ ၂၄အဒေါနိရံသည်အခွန်တော်ဝန်ဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ ၂၅ရှေဝသည် စားရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာ သည် ယဇ်ပုရောဟိတ်ဖြစ်၏။ ၂၆ယာဣရမြို့သား ဣရသည် နန်းတော်အုပ်ဖြစ်၏။