၂ရာ အခန်းကြီး(၃)


၁ရှောလူအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည်ကြာမြင့်စွာစစ်တိုက်၍၊ ဒါဝိဒ်သည် အားကိုးပွားလျက်၊ ရှောလူအမျိုး သည် အားရွေ့လျော့လျက်ရှိကြ၏။ ၂ဟေဗြုန်မြို‹၌ ဒါဝိဒ်မြင်သောသားတို့တွင်သားဦးကား၊ ယေဇရေလမြို‹သူ အဟိနောင်တွင် မြင်သောသား အာမနုန်တည်း။ ၃ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြိုသူ အဘိဂဲလတွင် မြင်သောသား ခိလပ်တည်း၊ တတိယသားကား၊ ဘုရင်တာလမဲသမီး မာခါ၏သား အဗရှလုံတည်း၊ ၄စတုတ္တသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း၊ ပဉ္စမသားကား အဘိတလ၏သား ရှေဖတိတည်း၊ ၅ဆဌမသားကား၊ မြောက်သားတော် ဧဂလာတွင်မြင်သောသား ဣသရံတည်း။ ဤရွေ့ကား၊ ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတည်း။

၆ရှောလုအမျိုးနှင့် ဒါဝိဒါအမျိုးစစ်တိုက်ကြစဉ်အခါ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကို ခိုင်မာစေ၏။ ၇ရှောလု၌ အဲအာ၏သမီးရိဇပမည်သော မယားငယ်တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့အဘ၏ မယားငယ်ကို အဘယ်ကြောင့်သိမ်းသနည်းဟု အာဗနာအားဆိုလျှင်၊ ၈ထိုစကားကြောင့် အာဗနာသည် အလွန် စိတ်ဆိုးလျက်၊ ငါသည်ယုဒအမျိုးကို ဆီးတား၍ သင့်အဘရှောလုအမျိုးနှင့် ညီအစ်ကို အဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကို ဒါဝိဒ်လက်သို့မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့သာ မှတ်၍၊ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည်လော။ ၉ထာဝရဘုရားသည် နိုင်ငံတော်ကို ရှောလုအမျိုးမှ နှုတ်၍၊ ၁ဝဒါဝိဒ်၏ အာဏာတော်ကို ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ်ရပ်တို့၌ တည်စေခြင်းငှာ ဒါဝိဒ်အား ပြုမည်ဟု ကျိန်ဆိုတော်မူသည်အတ်ုငး၊ ငါလည်းဒါဝိဒ်အား မပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအား ပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊ ၁၁ဣရှဗောရှက်သည် ကြောက်၍စကား တခွန်းကိုမျှမပြန်ဝံ့။

၁၂ထို့နောက်အာဗနာသည် မိမိအတွက်သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့် မိဿဟာယဖွဲ့တော်မူပါ။ ဣသရေလ အမျိုးအပေါင်းကို ကိုယ်တော်ထံသို့ပြောင်းလဲ စေခြင်းငှါ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။ ၁၃ဒါဝိဒ်ကလည်း၊ ကောင်းပြီ၊ သင်နှင့် ငါမိဿဟာယဖွဲ့မည်။ သို့ရာတွင် ငါတောင်းစရာတခုရှိ၏။ ငါ့မျက်နှာကို မြင်အံ့သောငှါ လာသောအခါ၊ ရှောလုသမီးမိခါလကို ဆောင်ခဲ့ရမည်။ သို့မဟုတ် ငါ့မျက်နှာကို မမြင်ရဟု ပြန်ဆို၏။ ၁၄ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူ အရေဖျားတရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊ ၁၅ဣရှဗောရှက်သည် စေလွှတ်၍ ထိုမိန်းမကို သူ၏လင် လဲရှ၏သား ဇာလတိလက်မှ နှုတ်ယူလေ၏။ ၁၆သူ၏လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ၏။ အာဗနာကလည်း ပြန်သွားတော့ဟု ဆိုသော် ပြန်သွားရ၏။

၁၇အာဗနာသည်လည်း၊ ဣသရေလ အမျိုးအသက်ကြီးသူတို့နှင့်တိုင်ပင်လျက်၊ သင်တို့သည် အထက်က ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ မြှောက်ချင်သော စိတ်ရှိကြသည်ဖြစ်၍၊ ၁၈ယခုမြှောက်ကြလော့။ ထာဝရဘုရားက၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ၏လူဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ၎င်း၊ ရန်သူအပေါင်း တို့လက်မှ၎င်း၊ငါကယ်နှုတ်မည်ဟု ဒါဝိဒ်အဘို့မိန့်တော်မူပြီဟုဆိုလေ၏။ ၁၉တဖန်အာဗာနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်းသွေးဆောင်လေ၏။ နောက်တဖန် ဣသရေလအမျိုးအလိုရှိသမျှသောအရာ၊ ဗင်္ယာမိန်အမျိုး တညီတညွှတ်တည်း အလိုရှိသမျှသော အရာကိုဟေဗြုန်မြို့၌ ဒါဝိဒ်အားပြန်လျှောက်ခြင်း ငှါသွား၍၊ ၂ဝလူနှစ်ကျိပ် ပါလျက် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်သဖြင့်၊ ဒါဝိဒ်သည်ပွဲလုပ်၍ အာဗနာနှင့် သူ၏လူတို့ကိုကျွေး၏။ ၂၁အာဗနာကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည်ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အလိုတော်ရှိသမျှ အတိုင်းစိုးစံစေခြင်းငှါ၎င်း၊ ကျွန်တော် ထသွား၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင်၊ ကျွန်တော်ရှင်ဘုရင်ထံတော်၌ စုဝေးစေပါမည်ဟု လျှောက်ပြီးမှ၊ ဒါဝိဒ်လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာသွားလေ၏။ ၂၂ထိုအခါ ယွာဘနှင့်ဒါဝိဒ်၏ ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ၍၊ လက်ရဥစ္စာများကိုယူခဲ့ကြ၏။ အာဗနာသည် ဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့၌မရှိ။ ဒါဝိဒ်သည် လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာသွားနှင့်ပြီ။ ၂၃ယွာဘနှင့် သူ၌ပါသောစစ်သူရဲ အပေါင်းတို့သည် ရောက်ကြသောအခါ၊ နေရ၏သား အာဗနာသည် ရှင်ဘုရင်ထံတော်သို့လာပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက်၍၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအားကြားပြောလျှင်၊ ၂၄ယွာဘသည် ရှင်ဘုရင်ထံတော်သို့ဝင်၍၊ ကိုယ်တော်သည်အဘယ်သို့ ပြုတော်မူသနည်း၊ အာဗနာသည် အထံတော်သို့ လာပြီးမှ တဖန်အလွတ်သွားစေခြင်းငှါ အဘယ်ကြောင့် လွှတ်လိုက် တော်မူသနည်း။ ၂၅နေရ၏သား အာဗနာသည် ကိုယ်တော်ကို လှည့်စား၍ကိုယ်တော် ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူခြင်း အလုံးစုံကို သိအံ့သောငှါသာလာသည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်ပြီးလျှင်၊ ၂၆အထံတော်ကထွက်၍ အာဗနာသို့ တမန်တို့ကိုစေလွှတ်လျက်၊ သိရရေတွင်းမှ ခေါ်လေ၏။ ထိုအမှုကို ဒါဝိဒ်မသိ။ ၂၇အာဗနာသည် ဟေဗြုန်မြို့ သို့ရောက်သောအခါ၊ ယွာဘသည်အသင့်အတင် နှုတ်ဆက်ခြင်းငှါ၊ မြို့တံခါးအနား သို့ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ဝမ်းကိုထိုး၍သူသည်လည်းသေ၏။

၂၈ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ၊ နေရ၏သားအာဗနာကိုသတ်သောအပြစ်နှင့် ငါသည် ထာဝရ ဘုရားရှေ့တော်၌ လွတ်ပါစေ။ ငါ့နိုင်ငံလွတ်ပါစေ။ ၂၉ယွာဘခေါင်း၊ သူ့အဆွေအမျိုး အပေါင်းတို့၏ ခေါင်းပေါ်သို့ ရောက်ပါစေ။ ယွာဘ၏ ဆွေအမျိုး၌ ရိနာစွဲသောသူ၊ နူနာစွဲသောသူ၊ ကျောကုန်းသောသူ၊ ထားဖြင့်သေသောသူ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို၏။ ၃ဝထိုသို့ယွာဘ နှင့်ညီအဘိရှဲသည် အာဗနာကိုသတ်၏။ အကြောင်းမူကား၊ သူတို့ညီအာသဟေလကိုဂိဗောင် စစ်တိုက်ပွဲ၌ အာဗနာသတ် သတည်း။ ၃၁ဒါဝိဒ်ကလည်း၊ ယွာဘနှင့်မိမိ၌ရှိသောသူ အပေါင်းတို့အား၊ သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်လျက်၊ အာဗနာအတွက် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြလော့ဟု မိန့်တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက်လေ၏။ ၃၂အာဗနာကိုဟေဗြုန်မြို့၌ သဂြိုဟ်ကြ၏။ သချုင်္င်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ငိုကြွေး၏။ လူအပေါင်း တို့သည်လည်း ငိုကြွေးကြ၏။ ၃၃ရှင်ဘုရင်သည်အာဗနာ အတွက် မြည်တမ်းသည်ကား၊ အာဗနာသည် လူမိုက်ကဲ့သို့သေသလော။ ၃၄သင်၏လက်ကိုမချည်၊ သံခြေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာ ပါပြီတကားဟု မြွက်ဆို၏။ လူအပေါင်းတို့ သည်လည်း တဖန်ငိုကြွေးကြ၏။ ၃၅မိုဃ်းမချုပ်မှီ ဒါဝိဒ်သည်စားတော် ခေါ်မည်အကြောင်း  လူအပေါင်းတို့ သည် ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်က၊ နေမဝင်မှီမုန့်အစရှိသော စားစရာ တစုံတခုကိုငါမြည်းစမ်းလျှင်၊ ထိုမျှမကငါ၌ ဘုရားသခင်ပြုတော်မူစေသတည်းဟု ကျိန်ဆို၏။ ၃၆ထိုအမူကို လူအပေါင်း တို့သည် မှတ်၍ နှစ်သက်ကြ၏။ ပြုတော်မူသမျှတို့ကိုလည်း လူအပေါင်းတို့သည် နှစ်သက်ကြ၏။  ၃၇ရှင်ဘုရင်သည် နေရ၏သား အာဗနာကို သတ်စေခြင်းငှါအလိုမရှိဟု ထိုနေ့၌ ဣသရေလအမျိုးသားများနှင့် လူများအပေါင်း တို့သည် သိနားလည်ကြ၏။ ၃၈ရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုး၌ မင်းသားဖြစ်သောသူ၊ ကြီးမြက်သော သူတပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလော။ ၃၉ငါသည် ဘိသိက်ခံရ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း၏။ ဇေရုယာသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန်၍ အားကြီးကြ၏။ မတရားသဖြင့် ပြုသောသူကို မိမိအပြစ်နှင့် အလျောက် ထာဝရဘုရားဆပ်ပေးတော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ၏။