သုတ္တံ အခန်းကြီး(၈)


၁ဥာဏ်ပညာသည် ခေါ်၍ မိမိအသံကို လွှင့်သည်မဟုတ်လော။ ၂မြင့်သောအရပ်ထိပ်၌၄င်း၊ လမ်းခရီးအနား၌ ၄င်းရပ်နေ၏။ ၃ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊ ၄အချင်းလူတို့၊ သင်တို့အား ငါခေါ်၏။ လူသားတို့အား အသံကို ငါလွှင့်၏။ ၅ဥာဏ်တိမ်သောသူတို့ ပညာတရားကို နားလည်ကြလော့၊၊ လူမိုက်တို့ ထိုးထွင်းသော ဥာဏ်ရှိကြလော့။ ၆နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သော တရားစကားကို ငါနှုတ်မြွတ်မည်။ ၇ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့် သာဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။ ၈ငါဟောပြော သမျှသောစကားတို့သည် ဖြောင့်မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။ ၉နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အားဟုတ်မှန်ကြ၏။ ၁ဝငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေ အရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။ ၁၁အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍ မြတ်၏။ နှစ်သက်ဘွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။

၁၂ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့် ပေါင်း၍၊ လိမ္မာသော သိပံ္ပအတတ်များကို ဘော်တတ်၏၊ ၁၃ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသော သဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ ၁၄အကြံပေးနိုင်သော အခွင့်နှင့် ပညာရတနာသည် ငါ၌ရှိ၏။ ငါသည် ဥာဏ်ဖြစ် ၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ ၁၅ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိကြ၏။ ၁၆ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီးအပေါင်းတို့သည် အစိုးရသော အခွင့်ရှိကြ၏။ ၁၇ငါ့ကို ချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ ၁၈ငါ၌ စည်းစိမ်နှင့် ဂုဏ်အသ ရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီ ရှိ၏။ ၁၉ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍ မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍မြတ်၏၊၊ ၂ဝငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍ ၂၁ငါ့ကိုချစ်သောသူတို့သည် အမွေခံရသောအခွင့်နှင့် သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသောအခွင့်ကို ငါပေးတတ်၏၊၊

၂၂ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။ ၂၃မြေကြီးမဖြစ်မှီ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ ၂၄နက်နဲသော ပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကို ဖြစ်ဘွားစေတော်မူ၏။ ၂၅တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊ ၂၆မြေကြီးနှင့်လယ်တော များကို မဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွား စေတော်မူ၏။ ၂၇မိုလ်းကောင်းကင်ကို မြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊ ၂၈အထက်မိုးဃ်းတိမ်ကို တည်စေသော အမှု၊ နက်နဲသော အရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ ၂၉သမုဒ္ဒရာ၌ ကွန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်ကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊ ၃ဝငါသည် ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ် မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ် ကစားလျက်၊ ၃၁ဖန်ဆင်းတော်မူသောမြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့် ပေါင်းဘော်၍ ပျော်ပါးလျက်နေ၏။

၃၂သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ၏ လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၃၃ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။ ၃၄ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက် တံခါးတိုင်နားမှာ မြော်လင့်လျက် နေသောသူသည် မင်္ဂလာရှိ၏။ ၃၅ငါ့ကိုရှာ၍ တွေ့သောသူသည် အသက်ကိုတွေ့၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကိုလည်း ခံရ၏။ ၃၆ငါ့ကို ပြစ်မှားသောသူမူကား၊ မိမိအသက် ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူ အပေါင်းတို့သည် သေခြင်းကို ချစ်ကြ၏။