တောလည်ရာ အခန်းကြီး (၁၄)


၁ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တညဥ့်လုံးငိုကြွေးကြ၏။ ၂ဣသရေ လအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌မသေပါလေ။ ၃ငါတို့သည် ထားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊ ၄တဖန် လူတစုံတယောက်ကို မြှောက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့ဟု တယောက်ကိုတယောက် ဆိုကြ၏။ ၅မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက်နေကြ၏။ ၆ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သား ရောရှု၊ ယေဖုန္နာ၏သား ကာလက်တို့သည် မိမိတို့အဝတ်ကို ဆုတ်၍၊ ၇ဣသရေလအမျိုးသား အပေါင်း တို့အား ခေါ်လျက်၊ ငါတို့ရှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည် ဖြစ်ပါ၏။ ၈ထာဝရ ဘုရားသည် ငါတို့နှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူ လိမ့်မည်။ ၉ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဘို့ ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့် ဟု ပြောဆိုကြလေသော်။ ၁ဝပရိသတ်အပေါင်းတို့သည်၊ ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော် ၌ထင်ရှားလေ၏။

၁၁ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့သမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရသော်လည်း၊ ထိုမျှကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။ ၁၂သူတို့ကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သား၏အရာကိုနှုတ်မည်။ သူတို့ထက်သင့်ကိုသာ၍ စည်ပင်သော အမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအား မိန့်တော်မူ၏။ ၁၃မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့အထဲက နှုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တဖန်ဤသိတင်းကို အဲဂုတ္တုလူတို့သည် ကြားပြန်လျှင်၊ ၁၄ဤပြည်၌နေသောသူတို့အား သိတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်း ကို၎င်း၊ မိုဃ်းတိမ်တော်သည် သူတို့ကိုလွှမ်းမိုးကြောင်းကို၎င်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဥ့်အချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့က ကြွတော်မူကြောင်းကို၎င်း ကြားရပြီ။ ၁၅ယခုမှာ၊ ဤလူမျိုးကို လူတယောက် ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သိတင်းတော်ကို ကြားဘူးသောလူအမျိုးမျိုး တို့က၊ ၁၆ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့်၊ တော၌သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့်မည်။ ၁၇ကိုယ်တော်က၊ ထာဝရဘုရားသည် သည်းခံ သောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချဉ်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဖြစ်၏ ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ ဘုရားရှင်တန်ခိုးတော်သည် ကြီးပါစေသော။ ၁၉အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုးတို့၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ၊ ကရုဏာ တော်များပြား သည်နှင့်အညီ၊ ယခုလွှတ်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား လျှောက်ဆိုလျှင်၊ ၂ဝထာဝရ ဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။ ၂၁ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတပြင်လုံး၌ နှံ့ပြားလိမ့်မည်။ ၂၂ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ ထူးဆန်းသောတန်ခိုးတော် ကို၎င်း မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊ ၂၃သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစုံတယောက်မျှမမြင်ရ။ ၂၄ငါ့ကျွန်ကာလက် မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့လုံးလုံး လိုက်သောကြောင့်၊ သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့်၊ သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။ ၂၅အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍၊ သင်တို့သည် နက်ဖြန် နေ့၌ လှည့်လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။

၂၆တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ ၂၇ငါ့ကိုအပြစ်တင်၍ မြည်တမ်းသော ဤပရိသတ်ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည်သည်းခံရအံ့နည်း။ ဣသရေလ အမျိုးသားတို့သည် ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောစကားကို ငါကြားရပြီ။ ၂၈သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားက၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကိုကြားစေခြင်းငှါ ပြောကြသောစကားအတိုင်း သင်တို့ကိုငါပြုမည်။ ၂၉သင်တို့ကိုရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသော သူအပေါင်းတို့သည် သေ၍ ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။ ၃ဝငါသည် ဤမည်သောပြည်၌ သင်တို့ကို နေရာချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သား ကာလက်၊ နုန်၏သားယောရှုမှတပါး အဘယ် သူမျှမရောက်ရ။ ၃၁ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသောသူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သော ပြည်ကို သူတို့သည်သိရကြလိမ့်မည်။ ၃၂သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင်ဖြစ်လျက် နေရစ်ရကြလိမ့် မည်။ ၃၃ဤတော၌ သင်တို့အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှား ယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။ ၃၄ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တရက်ကိုတနှစ်ထား၍ အနှစ်လေးဆယ် ပတ်လုံး ကိုယ်အပြစ်ကို ဆောင်လျက်၊ ငါစွန့်ပြစ်ခြင်းကို သိရကြလိမ့်မည်။ ၃၅အကယ်စင်စစ် ငါ့တဘက်၌ စည်းဝေးသော ဤပရိသတ်ဆိုး အပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကျေ ပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော် မူ၏။

၃၆မောရှေစေလွှတ်သောအခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ပြန်လာသောအခါ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်း မြည်တမ်းစေခြင်းငှါ တိုက်တွန်းသောသူ၊ ၃၇ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြားပြောသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလနာဘေးနှင့် သေကြလေ၏။ ၃၈ထိုပြည်ကို စူးစမ်း၍သွားသောလူတို့တွင် နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့သာ အသက်ချမ်းသာ ရကြ၏။ ၃၉မောရှေသည် ဣသရေလ အမျိုးသားအပေါင်းတို့အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့သည် အလွန်ညည်းတွားလျက် နေကြ၏။

၎ဝနံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိထားတော်မူသော ပြည်သို့သွားပါမည်ဟု ဆိုကြသော်၊ ၄၁မောရှေက၊ ထာဝရဘုရား၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထမြောက်ရ။ ၄၂မသွားကြနှင့်၊ ထာဝရဘုရား သည် သင်တို့ဘက်၌ ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။ ၄၃အာမလက်အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် သင်တို့မရောက်မှီ ရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရ ဘုရားထံတော်မှ လွှဲသွားသောကြောင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟု ဆိုသော်လည်း၊ ၄၄သူတို့သည် ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက်သို့ တဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင်သို့ မထွက်မသွားဘဲနေလေ၏။ ၄၅ထိုအခါ တောင်ပေါ်မှာရှိသော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသား တို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍ အောင်သဖြင့်၊ ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။