တောလည်ရာ အခန်းကြီး (၂၂)


၁တဖန် ဣသရေလအမျိုးသားတို့သည် ခရီးသွား၍ မောဘလွန်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တဲဆောက်ကြ၏။ ၂အာမောရိအမျိုးသားတို့၌ ပြုကြသော အမှုအလုံးစုံကို၊ ဇိဖေါ်သား ဗာလက်မင်းသိမြင်လျှင်၊ ၃ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊ ၄နွားသည်မြက်ပင်ကို လှမ်း၍စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကိုလှမ်း၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အား ဆိုကြ၏။ ထိုအခါ ဇိဖေါ်သား ဗာလက်သည်၊ မောဘရှင်ဘုရင် ဖြစ်သည်နှင့်၊ ၅အမ္မုန်ပြည်၌ စီးသောမြစ်၏ အနားမှာရှိသော ပေသော်မြို့နေ ဗောရသား ဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကို စေလွှတ်၍၊ အဲဂုတ္တုပြည်မှ ရောက်လာသော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွမ်းလျက် ငါ့အနား၌ နေရာချကြပြီ။ ၆သို့ဖြစ်၍၊ ကြွပါ။ ဤလူမျိုးသည် ငါ့ထက်အားကြီးသောကြောင့် သူတို့ကိုငါ့အဘို့ကျိန်ဆဲပါ။ သို့ပြုလျင် သူတို့ကိုငါတိုက်၍ ငါပြည်မှနှင့်ထုတ်နိုင်ကောင်း နှင့်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီးပေးသော သူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော်ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သော သူဖြစ်သည်ကို၎င်း ငါသိသည်ဟု မှာလိုက်လေ၏။ ၇မောဘပြည်သားအသက်ကြီးသူတို့နှင့် မိဒျန်ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်း လက်ဆောင်ပါလျက်သွား၍၊ ဗာလမ်ထံသို့ ရောက်သောအခါ၊ ဗာလက်မင်းစကားကို ကြားလျောက် လေ၏။ ၈ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ၏။ ၉ဘုရားသခင် ဗာလမ်ရှိရာသို့လာ၍၊ သင်၌ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူလျှင်၊ ၁ဝဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အကျွန်ုပ် ဆီသို့ လူကိုစေလွှတ်၍၊ ၁၁အဲဂုတ္တုပြည်မှ ရောက်လာသောသူအများသည်၊ မြေမျက်နှာကိုဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲါပါ။ သို့ပြုလျှင်၊ သူတို့ကိုငါတိုက်၍ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့် မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အားလျှောက်ဆို၏။ ၁၂ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့်အတူ မလိုက်မသွားရ။ ထိုလူမျိုးကိုမကျိန်ဆဲရ။ ကောင်းကြီးမင်္ဂလာကိုခံရသော လူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူ၏။ ၁၃နံနက်ရောက်မှ၊ ဗာလမ်သည်ထ၍ သင်တို့သည် ကိုယ်ပြည်သို့ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသော အခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြောလေ၏။ ၁၄ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက်မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူမလိုက်လိုပါဟု လျှောက်ကြ၏။

၁၅တဖန် ဗာလက်မင်းသည်၊ အရင်ထက်အရေအတွက် အားဖြင့် များ၍ အရာအားဖြင့် ဘုန်းကြီးသောမှူးမတ် တို့ကို စေလွှတ်ပြန်သည်အတိုင်း၊ ၁၆သူတို့သည် ဗာလမ်ထံသို့ ရောက်လာ၍ ဇိဖေါ်သား ဗာလက်မင်းက၊ ကိုယ်တော် သည်ငါထံသို့ မလာမည်အကြောင်း အဘယ်အဆီးအတားမျှ မရှိပါလေစေနှင့်။ ၁၇ငါသည် ကိုယ်တော်ကို အလွန် မြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ကျိန်ဆဲပါမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြပါ၏။ ၁၈ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သောမိမိနန်းတော်ကို ပင်ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကိုလွန်ကျူး၍ အမှုအကြီးအငယ် တစုံတခုကိုမျှ ငါမပြုနိုင်။ ၁၉သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ထပ်၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။ ၂ဝညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့နှင့် အတူထ၍လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှအတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ၏။ ၂၁နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကိုကုန်းနှီး တင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့် အတူ လိုက်လေ၏။ ၂၂ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက်တော်ထွက်၍ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူကို ဆီးတားခြင်းငှါ လမ်း၌ရပ်နေ၏။ ထိုအခါ ဗာလမ်သည် မြည်းကိုစီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ်တွင်၊ ၂၃ထာဝရ ဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ရပ်နေသည်ကို မြည်းသည်မြင်လျှင် လမ်းလွှဲ၍ လယ်သို့ ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ၏။ ၂၄ထာဝရဘုရား၏ ကောင်းကင်တမန်သည် စပျစ်ဥယျာဉ် စောင်ရန်း နှစ်ဘက်စပ်ကြားလမ်း၌ တဖန်ရပ်နေ၏။ ၂၅ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်းသည် မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌ တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တဖန်ရိုက်ပြန်လေ၏။ ၂၆ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန်သွား၍၊ လမ်းတဘက်ဘက်မှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသော အရပ်၌ရပ်နေ၏။ ၂၇မြည်းသည်လည်း ထာဝရ ဘုရား၏ ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။ ၂၈ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကို ဖွင့်တော်မူ၍ မြည်းကသင်သည် ငါ့ကိုသုံးကြိမ်တိုင်အောင် ရိုက်ရမည်ကြောင်း၊ ငါသည်သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊ ၂၉ဗာလမ်က သင်သည်ငါကို ကျီစားပါသည်တကားဟု ငါ၌ထား ရှိပါစေသော။ ထားရှိလျှင်သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို၏။ ၃ဝမြည်းကလည်း၊ ငါသည်ယနေ့တိုင်အောင် သင်၏အစည်းကိုအစဉ်ခံရသောသင်၏ မြည်းဖြစ်သည်မဟုတ်လော့။ သင်၌တခါမျှ ဤသို့ငါပြုဘူးသလောဟု ဗာလမ် အားမေးလျှင်၊ မပြုဘူးဟုပြန်ပြော၏။ ၃၁ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စီကို ဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ရပ်နေ သည်ကို ဗာလမ်သည်မြင်သဖြင့် ဦးချ၍ပြပ်ဝပ်လေ၏။ ၃၂ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ မြည်းကိုသုံးကြိမ်တိုင်အောင် အဘယ်ကြောင်းရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင့်ဘက် ဖြစ်သောကြောင့်၊ သင့်ကိုဆီးတားခြင်းငှါ ငါထွက်လာပြီ။ ၃၃မြည်းသည် င့ါကိုမြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့ မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုသတ်၍ မြည်းကိုအသက်ချမ်းသာပေး လေပြီဟုဆို၏။ ၃၄ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် လမ်း၌ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ်မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါမည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်။ ၃၅ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သူတို့နှင့် အတူလိုက်လော့။ သို့ရာတွင် ငါမှာထားသောစကား ကိုသာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ ကျွန်တို့နှင့် အတူလိုက် သွားလေ၏။ ၃၆ဗာလမ်ရောက်သော သိတင်းကို ဗာလက်မင်းကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ မောဘပြည်စွန် အာနုန် ချောင်းနားမှာရှိသော မြို့တမြို့သို့ထွက်သွား၏။ ၃၇ဗာလက်မင်းကလည်း၊ ကိုယ်တော်ကို ခေါ်ပင့်စေခြင်းငှါ ငါသည် အထပ်ထပ်စေလွတ်သည်မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါမြှောက်နိုင်သည် မဟုတ် လောဟု ဗာလမ်အား ဆိုလျှင်၊ ၃၈ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည် စကားတခွန်းကိုမျှ ပြောပိုင်သလော့။ ငါနှုတ်၌ ဘုရားသခင်ထားတော်မူသောစကားကိုသာ ငါပြောပါမည်ဟု ပြန်ပြောပြီးမှ။ ၃၉ဗာလက်မင်းနှင့် အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ရောက်လေ၏။ ၄ဝဗာလက်မင်းသည်လည်း၊ သိုးနွားကိုပူဇော်၍ ဗာလမ်နှင့် အရာရှိတို့အား ပေးလိုက်လေ၏။ ၄၁နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍ ဣသရေလအမျိုး သားအပေါင်းတို့ကို အကုန်အစင်ပြခြင်းငှါ ဗာလဘုရားနှင့် ဆိုင်သောကုန်းရိုးပေါ်သို့ပို့ဆောင်လေ၏။