တောလည်ရာ အခန်းကြီး (၂၃)


၁ထိုအခါ ဗာလမ်က၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊ ၂ဗာလက်မင်းသည် ပြုပြီးလျှင်၊ ထိုသူနှစ်ပါး တို့သည် ယဇ်ပလ္လင်တခုခုပေါ်မှာ နွားတကောင်စီနှင် သိုးတကောင်စီကို ပူဇော်ကြ၏။ ၃ဗာလမ်ကလည်း မင်းကြီး ပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်လော့။ ငါသည် အခြားတပါးသို့ သွားပါမည်။ ထာဝရဘုရားသည် င့ါကိုကြိုဆို ခြင်းငှါ ကြွလာကောင်း ကြွလာတော်မူလိမ့်မည်။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။ ၄ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူလျှင်၊ ဗာလမ်က ကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင်၍ ပလ္လင်တခုခုအပေါ်မှာ နွားထီးတကောင်စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက်လေ၏။ ၅ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကိုထားလျက်၊ သင်သည် ဗာလက်မင်း ထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊ ၆ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ် အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်နေ၏။

၇ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင် ဗာလက်က၊ လာပါ။ ငါ့အဘို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်ဆီးခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ကို အာရံပြည် အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ။ ၈ဘုရားသခင် ကျိန်ဆဲတော်မမူသောသူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည် နည်း။ ဘုရားသခင်သည် ပျက်ဆီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။ ၉ကျောက်ပေါ်က သူ့ကို ငါမြင်၏။ တောင်ပေါ်ကသူ့ကို ငါကြည့်ရှု၏။ ထိုလူမျိုးသည် တမျိုးတည်းနေ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ။ ၁ဝယာကုပ်အမျိုး မြေမှုန့်ကို အဘယ်သူ ရေတွက်နိုင်သနည်း။ ဣသရေလအမျိုး လေးစုတစုကိုမျှ အဘယ်သူ ရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူ သေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ ဖြစ်ပါစေသောဟု မြွက်ဆို၏။ ၁၁ဗာလက်မင်းကလည်း၊ သင်သည် ငါ၌ အဘယ်သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကိုငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံး ကောင်းကြီးပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊ ၁၂ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ ထားတော်မူသော စကားကို ပြောရအောင် ငါသတိမပြုရသလောဟု ပြန်ဆို၏။

၁၃ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသား အပေါင်းတို့ကို တပြိုင်နက်မမြင်ရဘဲ တပိုင်းကိုမျှသာ ကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူ လိုက်ပါလော့။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါဟု ဆိုလျက်၊ ၁၄ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ၊ ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။ ၁၅ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီးဦးကြိုပြုခြင်းငှါ အခြားတပါးသို့ သွားပါမည်ဟု ဗာလက်မင်းအား ဆို၏။ ၁၆ထာဝရဘုရားသည် ဗာလမ်ကိုကြိုဆို၍ သူ၏နှုတ်၌စကားကို ထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည် အတိုင်း၊ ၁၇ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ၏။

၁၈ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖော်သား ဗာလက်မင်း၊ ထာလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ၁၉ဘုရားသခင်သည် မုသာစကားကို ပြောအံ့သောငှါ လူဖြစ်တော် မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည် မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော်မတည်ဘဲ နေတော် မူမည်လော။ ၂ဝကောင်းကြီးပေးရ မည်အကြောင်း အမိန့်တော်ကို ငါခံရပြီ။ ဘုရားသခင် ကောင်းကြီး ပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမဖျက်နိုင်။ ၂၁ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသော နှောက်ရှက်ခြင်းအမှုကို ဘုရားသခင် သည် ကြည့်ရှု၍ နေတော်မမူ။ သူတို့ဘုရားသခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော်ခြင်းအသံကို သူတို့တွင်ကြားရ၏။ ၂၂ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့ အားကြီး၏။ ၂၃အကယ်စင်စစ် ယာကုပ်အမျိုးကို ထူးဆန်းသော အတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော် မူပြီတကားဟု ယခုကာလကိုထောက်၍ ယာကုပ်အမျိုး၊ ဣသရေအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိလိမ့်မည်။ ၂၄ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည်။ ခြင်္သေ့ပျိုကဲ့သို့ ထလိမ့်မည်။ ဘမ်းမိသောအကောင်ကို မစားမှီ၊ သတ်အံ့ သော တိရစ္ဆာန်အသွေးကို မသောက်မှီတိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို၏။ ၂၅ဗာလက်မင်းကလည်း၊ သူတို့ကို အလျင်းမကျိန်ဆဲပါနှင့်။ ကောင်းကြီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင်၊ ၂၆ဗာလမ်က၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီ မဟုတ်လောဟု ဗာလက်မင်းအား ပြန်ပြော၏။

၂၇တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြားသောအရပ်သို့ ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲစေခြင်းငှါ ဘုရားသခင် အလိုတော်ရှိကောင်း ရှိတော်မူလိမ့်မည်ဟု ဗာလမ်အား ဆိုလျက်၊ ၂၈ယေရှိမုန်မြို့ကို မျက်နှာပြုသော ပေဂုရတောင်ထိပ်သို့ ဆောင်သွားလေ၏။ ၂၉ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလ္လင် ခုနစ်ခုကိုတည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊ ၃ဝဗာလက်မင်းသည် ပြု၍ ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။