တောလည်ရာ အခန်းကြီး (၂၄)


၁ထာဝရဘုရားသည်၊ ဣသရေလအမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ်သိ မြင်လျှင်၊ ထူးဆန်းသောအတတ်ကို ရှာခြင်းငှါ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။ ၂သို့ရာတွင်၊ မြော်ကြည့်၍ ဣသရေလအမျိုးသား တို့သည် အမျိုးအနွှယ်အလိုက် အသီးအသီးတပ်ချလျက် နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင်၊ ၃သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ၊ ဗောရသားဗာလမ်၏စကား၊ ၄ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏စကား ဟူမူကား၊ ၅အိုယာကုပ်  အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလ အမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက် တင့်တယ်ကြ သည်တကား။ ၆ကျယ်ဝန်း သောချိုင့်များ၊ မြစ်နားမှာရှိသော ဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသော အကျော်ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ်ကြသည်တကား၊ ၇ထိုအမျိုး၏ ရေပုံးတို့မှ ရေစီး လိမ့်မည်။ ရေပေါသောအရပ်၌ မျိုးစေ့ကျလိမ့်မည်။ သူ၏ရှင်ဘုရားသည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော် သည် မြှောက်သောနိုင်ငံ ဖြစ်လိမ့်မည်။ ၈ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက်ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြှားဖြင့်ထုတ်ခြင်းခတ်အောင် ခွင်းလိမ့်မည်။ ၉ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း၊ ဝပ်တွားလေ၏။ အဘယ်သူနှိုးဆော်ဝံ့မည်နည်း။ သင့်ကို ကောင်းကြီးပေးသောသူသည် ကောင်းကြီးမင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းကို ခံရသည်ဟု မြွက်ဆို၏။

၁ဝထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကိုအမျက်ထွက်၍ လက်ခုတ်တီးလျက်၊ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေ ခြင်းငှါ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင်အောင် အကြွင်းမဲ့ကောင်းကြီး ပေးလေပြီ တကား။ ၁၁ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကိုချီးမြောက်မည်ဟု အထက်ကငါအကြံရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘုန်းမတိုးပွားစေခြင်းငှါ ဆီးတားလေပြီဟု ဆိုလေ၏။ ၁၂ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ၁၃ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှု တစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရား မိန့်တော်မူသမျှကို ငါပြောပါမည် ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီမဟုတ်လော။ ၁၄ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီးအား ကြားပြောပါဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ၊ ၁၅ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊ ၁၆ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသောဘုရား ပေးတော်မူသော ဥာဏ်ကိုရ၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊ ၁၇ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခုမဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန်မနီးသေး။ ကြယ်တလုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့် မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက်၍ မငြိမ်မဝပ် ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့် မည်။ ၁၈ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင်သည်လည်း ရန်သူလက်သို့ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည်။ ၁၉အစိုးရသောသူ တပါးသည်၊ ယာကုပ်အမျိုးထဲကထွက်၍ ကျန်ကြွင်းသော မြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့်မည်ဟု မြွက်ဆို၏။ ၂ဝတဖန် အာမလက်ပြည်ကို ကြည့်ရှု၍ ပရောဖက်စကား အားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုးသည် လူမျိုးတကာတို့ထက် အထွဋိဖြစ်ဘူးသော်လည်း၊ အဆုံး၌ ရှင်းရှင်း ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။ ၂၁တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု၍ ပရောဖက်စကား အားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့နေရာသည် အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကိုလုပ်ကြပြီ။ ၂၂သို့သော်လည်း အာရှုရိမင်းသည်၊ သိမ်းယူ၍ မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။ ၂၃တဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင်တော်မူသောအခါ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။ ၂၄သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍ အာရှုရိပြည်ကို ၄င်း၊ ဟေဗာပြည်ကို၎င်း၊ နှောက်ရှက်ကြ လိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊ ၂၅ဗာလမ်သည် ထ၍ မိမိနေရာအရပ်သို့ ပြန်သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။