တောလည်ရာ အခန်းကြီး (၁၃)


၁တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၂ဣသရေလအမျိုးသားတို့အား ငါပေး သောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွှယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သော တမျိုးတယောက် စီရွေးကောက်၍ စေလွှတ်လော့ဟု၊ ၃ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊  မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။ ၄သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသား ရှမွာ။ ၅ရှိမောင်အမျိုး၊ ဟောရိသားရှာဖတ်။ ၆ယုဒအမျိုး၊ ယေဖုန္နာသား ကာလက်။ ၇ဣသခါအမျိုး၊ ယောသပ်သား ဣဂါလ။ ၈ဧဖရိမ်အမျိုး၊ နုန်သားသြရှေ။ ၉ဗင်္ဃာမိန်အမျိုး၊ ရာဖုသား ပါလတိ။ ၁ဝဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။ ၁၁ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။ ၁၂ဒန်အမျိုး၊ ဂေမလ္လိသား အမျေလ။ ၁၂အာရှာအမျိုး၊ မိက္ခေလသား သေသုရ။ ၁၄နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊ ၁၅ဂဒ်အမျိုး၊ မာခိသား ဂွေလတည်းဟူသော၊ ၁၆ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သား သြရှေကို၊ ရောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။

၁၇ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။ ၁၈ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သား တို့သည် အားကြီး သလော၊ အားနည်းသလော။ များသလော၊ နည်းသလော။ ၁၉သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသောမြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့်နေကြသလော၊ ခိုင်ခံ့သောမြို့နှင့် နေကြ သလော။ ၂ဝထိုမြေသည် ကောင်းသလော၊ မကောင်းသလော။ တောများသလော၊ နည်းသလောဟု ကြည့်ရှုကြ လော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ် သီးမှည့်စကာလဖြစ်သတည်း။

၂၁ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကို စူးစမ်းကြ၏။ ၂၂တောင်မျက်နှာ၌ ရှောက်သွား၍ အာနကအမျိုးသား အဟိမာန်၊ ရှေရှဲ၊ တာလမဲနေ သော ဟေဗြုန်မြို့သို့ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့မတည်မှီ ခုနစ်နှစ်ကတည်သော မြို့ဖြစ်သတည်း။ ၂၃ဧရှကောလချိုင့်သို့ ရောက်လျှင်၊ အသီးတပြွတ်ပါသော စပျစ်နွယ်ပင် အခက်တခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။ ၂၄ဣသရေသားအမျိုးသား ခုတ်ယူသောစပျစ်သီးပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသောအမည်ဖြင့် မှည့်သတည်း။ ၂၅အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်းသောအမှုပြီး၍ ပြန်လာကြ၏။

၂၆မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ် သို့ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍၊ ထိုပြည်၌ သီးသောအသီးကိုပြကြ၏။ ၂၇မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သောပြည်သို့ ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည် သည် နို့နှင့်ပျားရည်စီးသောပြည် ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။ ၂၈သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက၊ အာနကအမျိုးသားတို့ကို လည်း မြင်ရပါ၏။ ၂၉အာမလက်အမျိုးသား တို့သည် တောင်ဘက်၌၄င်း၊ ဟတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၄င်း၊ ခါနနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၄င်း နေကြပါသည်ဟု လျှောက်ဆိုကြ၏။ ၃ဝကာလက်က လည်း ချက်ခြင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။ ၃၁သူနှင့်အတူလိုက်သွားသောသူတို့က ထိုပြည်သားတို့ကို ငါတို့မတိုက်နိုင်။ သူတို့သည် ငါတို့ထက်သာ၍ အားကြီးကြသည်ဟူ၍၄င်း၊ ၃၂ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။  ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ ၃၃ကိုယ်ကြီးသောလူအမျိုးအနွှယ်၊ အာနက အမျိုးအနွှယ်ဖြစ်၍၊ အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့သို့ဖြစ်ကြ၏။ သူတို့အထင်အတိုင်း လည်း ထိုသို့ဖြစ်ကြသည်ဟူ၍၄င်း၊ မိမိတို့စူးစမ်းသောပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသောသိတင်းကို ကြားပြောကြလေ၏။