ဒေသနာ အခန်းကြီး(၁၀)


၁အထုံသမားလုပ်သောနံ့သာဆီကို သေသောယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သော အမိုက်သည် ပညာနှင့် ဂုဏ်သရေထင်ရှားသော သူကို ထိုအတူဖြစ်စေတတ်၏။ ၂ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာ လက်၌ ရှိ၏။ မိုက်သောသူ၏ နှလုံးမူကား၊ မိမိလက်ဝဲလက်၌ရှိ၏။ ၃မိုက်သောသူသည် လမ်း၌သွားစဉ် တွင်ပင် သတိလစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသော သူတို့အား ပြောတတ်၏။ ၄မင်းသည် သင့်ကို စိတ်ဆိုးလျှင်၊ ကိုယ်နေသင့်ရာ အရပ်မှမရွှေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။

၅မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသော အမှုဆိုးဟူမူကား၊ ၆မိုက်သောသူတို့ သည် မြင့်သောအရပ်၊ သူဌေးတို့သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊ ၇ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန်ကဲ့သို့ မြေပေါ်မှာ ခြေဖြင့် သွားရသောအမှုကို ငါမြင်လေပြီ။ ၈တွင်းကိုတူးသောသူသည် ထိုတွင်းထဲသို့ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့်မည်။ ၉ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကိုခံရလိမ့် မည်။ ၁ဝပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင် သာ၍ အားထုတ်ရမည်။ ပညာသည် အမှုအောင်ရသောအခွင့်ကို ပေး၍ ကျေးဇူးကြီး၏။

၁၁မြွေသည်ပြုစားခြင်းကိုမခံ၊ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။ ၁၂ပညာရှိသောသူ၏ စကားသည် လျောက်ပတ်၏။ မိုက်သော သူ၏ နှုတ်မူကား သူ့ကိုကိုယ်မျိုတတ်၏။ ၁၃သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတက်သော ရူးခြင်းဖြစ်၏။ ၁၄မိုက်သောသူသည် စကားများတက်၏။ သို့သော်လည်း ဖြစ်လတံ့သော  အရာကို လူသည် မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူပြောနိုင်သနည်း။၁၅မြို့သို့သွား သောလမ်းကို မသိသောသူကဲ့သို့ မိုက်သောသူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကိုပင်ပန်းစေတက်  ၏။

၁၆ငယ်သားအစိုးရ၍ မှူးမတ်များ အချိန်မဲ့နံနက် စောစောစားသောက်တက်သော ပြည်သည် အမင်္ဂလာ  ရှိ၏။ ၁၇မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှ အားဖြည့်ခြင်းငှာသာ၊   စားသောက်တတ်သောပြည်သည် မင်္ဂလာရှိ၏။ ၁၈အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့တတ်၏။ လက်နှင့် မပြုပြင် ဘဲနေလျှင် အိမ်မိုးယိုတတ်၏။ ၁၉ပျော်မွေ့ခြင်းငှာ ပွဲကိုလုပ်တတ်၏။ စပျစ်ရည်သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူ ကား၊ အရာရာ၌ နိုင်တတ်၏။ ၂ဝရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိန်ဆဲနှင့်။ လူကြီးကို အိပ်ခန်းထဲ၌မျှ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် ထိုအသံကို ဆောင်သွားလိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလိမ့် မည်။