ဒေသနာ အခန်းကြီး(၁)


၁ဒါဝိဒ်၏ သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏ စကားဟူမူကား၊ ၂အနတ္တသက် သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။ ၃လူသည် နေအောက်မှာ ကြိုးစားအား ထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း။ ၄လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲ တည်၏။ ၅နေလည်း ထွက်လျက်ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ပြန်တတ်၏။ ၆နေသည်လည်း အစဉ်လည်သွား၍ လည်းပြီးသောအရပ်သို့ တဖန်ပြန်၍ လည်ပြန်တတ်၏။ ၇ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာ အရပ်သို့တဖန် ပြန်သွားတတ်၏။ ၈ခပ်သိမ်းသောအရာတို့သည် လူမပြောနိုင်အောင်ပင်ပန်း ခြင်းနှင့်ယှဉ်ကြ၏။ မျက်စိသည်မြင်၍ မကုန်တတ်။ နားသည်လည်းကြား၍ မဝတတ်။ ၉ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သော အမှုအရာမရှိ။ ၁ဝကြည့်ပါ။ အသစ်ဖြစ်၏ဟု ဆိုရသော အမှုအရာ တစ်စုံတစ်ခုရှိသလော။ ထိုအမှုအရာသည်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။ ၁၁ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်၌ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာ နောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျောကြလိမ့်မည်။

၁၂ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင် ၁၃မိုဃ်းကောင်းကင် အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာအားဖြင့် ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏၊၊ လူသားတို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသော အမှုကို ဘုရားသခင် ပေးတော်မှုပြီ၊ ၁၄နေရောင်အောက်မှာ ပြုလေသမျှသော အမှုအရာတို့ကို ငါမြင်ပြီ၊၊ အလုံးစုံတို့ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ၏၊၊ ၁၅ကောက်သောအရာကို မဖြောင့်စေနိုင်၊၊ ချို့တဲ့သော အရာကို မရေတွက်ရာ၊၊  ၁၆ငါသည် ကိုယ်စိတ်နလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသော သူအပေါင်းတို့ထက် ကြီးမြင့်၍ ပညာရှိ၏၊၊ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျင့်၏၊၊ ၁၇ပညာတရားများကို၎င်း လျှပ်ပေါ်ခြင်း နှင့် မိုက်မဲခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည် နှလုံးထား၏၊၊ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏၊၊ ၁၈အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏၊၊ သိပ္ပံအတက်တိုးပွါးသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏၊၊