ဒေသနာ အခန်းကြီး(၃)


၁ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန်ရှိ၏၊၊ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ ကို ပြုရသော အချိန်ရှိ၏၊၊ ၂ဘွားချိန်နှင့် သေချိန်လည်း ရှိ၏၊၊ စိုက်ပျိုးသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရ သောအချိန်လည်း ရှိ၏၊၊ ၃သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏၊၊ ဖြိုဖျက်ရသော အချိန်နှင့် တည်ဆောက်ရသော အချိန်လည်း ရှိ၏၊၊ ၄ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်း ရှိ၏၊၊ ညည်းတွား ရသော အချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏၊၊ ၅ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်း ရှိ၏၊၊ ဘက်ယမ်း ရသောအချိန်နှင့် မဘက်ယမ်းဘဲခွဲခွါ၍ နေရသော အချိန်လည်းရှိ၏၊၊ ၆ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်း ရှိ၏၊၊ သိုထားရသောအချိန်နှင့် ပစ်လိုက်ရသော အချိန်လည်းရှိ၏၊၊ ၇အဝတ်ကို ဆုတ်ရသော အချိန်နှင့်၊ ချုပ်ရသော အချိန်လည်း ရှိ၏တိတ်ဆိတ်စွာ နေရသောအချိန်နှင့်၊  စကားပြောရသော အချိန်လည်း ရှိ၏၊၊ ၈ချစ်ရသော အချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏၊၊ စစ်တိုက်ရသောအချိန်နှင့် စစ်ငြိမ်းရသော အချိန်လည်း ရှိ၏၊၊ ၉လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း၊၊ ၁ဝလူသားတို့ကျင် လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ၊၊ ၁၁ခပ်သိမ်းသောအရာတို့ကို မိမိတို့ အချိန်တန်မှ၊  လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ၊၊ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ၊၊ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသော အမှုကို အစမှအဆုံး တိုင်အောင် လူသည် စစ်၍ မကုန်နိုင်၊၊ ၁၂ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ ၁၃လူတိုင်းစားသောက်ခြင်းငါ၎င်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာ၎င်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။ ၁၄ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စထာဝရဖြစ်သည်ကိုငါသိ၏။ ထပ်၍ မပြုနိုင်ရာ။ နှုတ်၍မယူနိုင်ရာ။ လူတို့ သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။ ၁၅ဖြစ်ဘူးသော အရာသည် ယခုဖြစ်သော အရာနှင့်တူ၏။ ဖြစ်လတံ့သော အရာသည်လည်း၊ ဖြစ်ဘူးသောအရာ နှင့်တူ၏။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။

၁၆ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက်ရှိ သည်ကို၎င်း ငါမြင်ပြီ။ ၁၇ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏ အမှုနှင့်၊ မတရားသော သူတို့၏ အမှုကို စစ်ကြောစီရင်တော်မူမည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင်ရသော အချိန်ရှိ၏။ ၁၈လူသားတို့နေရာကိုရည်မှတ်၍ ငါအောက်မေ့သည်ကား၊ လူတို့ကို ဘုရား သခင်စုံစမ်းတော်မူမည်အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာ ကျသတည်း၊ ၁၉လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တပါးတည်းသော အမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူ သည် တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။  အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။ ၂ဝအလုံးစုံတို့သည် တခုတည်းသော အရပ်သို့ ရောက်တက်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန်ထဲသို့  ပြန် သွားတတ်ကြ၏။ ၂၁သို့ရာတွင်၊ အထက်သို့ ဘက်တတ်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ ဆင်းတတ်သောတိရစ္ဆာန်၏ ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။ ၂၂လူသည် မိမိပြုမူရာ၌ ပျော်မွေ့ခြင်း အမှုထက်သာ၍ ကောင်းသော အမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည် သူ၏ အဘို့ဖြစ် ၏။ သူသည် မိမိနောက်မှာ အဘယ်သို့ ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင် ခဲ့လိမ့်မည်နည်း။