နေဟမိ အခန်းကြီး(၅)


၁ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသားချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်းတမ်းကြ၏။ ၂အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာရှိကြ၏။ သူတို့အသက်မွေးလောက်အောင် စားစရာဆန်စပါးကို အဘယ်မှာရနိုင်မည်နည်းဟု ဆိုကြ၏။ ၃အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။ ၄အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကိုပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကိုချေးယူပြီ။ ၅ယခုမှာ ငါတို့ကိုယ်ခန္ဓြွာသည် အမျိုးသားချင်းတို့၏ ကိုယ်ခန္ဓြွာကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီးကဲ့သို့ ဖြစ်ကြ၏။ ငါတို့သားသမီးကို ရောင်း၍ ကျွန်ခံစေရမည်လော့။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။ ၆ထိုသို့ အပြစ်တင်မြည်တမ်းသောစကားကို ငါသည်ကြားသောအခါ၊ အလွန်ညှိုးငယ်သော စိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊ ၇မှူးမတ်နှင့် မင်းအရာ ရှိတို့ကိုခေါ်၍၊ သင်တို့သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊ ၈တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန်ရောင်းဦးမည်လော့။ သူတို့သည် အမျိုးသားချင်းတို့ကို အရောင်းခံရမည်လော့ဟု ဆိုလျှင်၊ သူတို့သည် ပြန်ပြောစရာမရှိ။ တိတ်ဆိတ်စွာနေကြ၏။ ၉ငါကလည်း၊ သင်တို့ပြုသောအမှုမကောင်းပါတကား။ ငါတို့ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကို ကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ်လော့။ ၁ဝငါနှင့်ငါ့ညီ၊ င့ါကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့် ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစားသော အမှုကိုပယ်ဖျက်ကြပါလော့။ ၁၁ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ယာကို၎င်း၊ သူတို့၌ ခွဲယူပြီးသောငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ဟု ဆိုသော်၊ ၁၂သူတို့ကပြန်ပေးပါမည်။ ဘာမျှမတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည် အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ယဇ်ပုရောဟိတ်တို့သည် ဂတိထားသည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည်သူတို့ကိုခေါ်၍ ကျိန်ဆိုစေပြီးမှ၊ ၁၃ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သောသူအပေါင်းတို့ကို ဘုရားသခင်သည်အိမ်တော်၊ အမှုတော်ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည်ဤသို့ ခါပစ်လိုက်ခြင်းကို ခံရကြပါစေသောဟုဆို၍ စည်းဝေးသောသူ အပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရဘုရားကို ချီမွမ်းကြ၏။ လူများတို့သည်လည်း ဂတိထားသည်အတိုင်း ပြုကြ၏။

၁၄ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ်တိုင်အောင်၊ တစ်ဆယ်နှစ်နှစ်ပတ်လုံး ငါနှင့်ငါ့ညီတို့သည် မြို့ဝန်ရိတ်က္ခာကိုမစား။ ၁၅အရင်မြို့ဝန်တို့ ကိုလူများတို့သည် ကျွေးရကြ၏။ မုန့်နှင့် စပျစ်ရည်ကို၎င်း၊ တနေ့လျှင်ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်းခံရကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။ ၁၆ထိုမှတပါး၊ ငါသည်မြို့ရိုးကို အမြဲလုပ်၍ နေ၏။ ငါနှင့် ငါ့ကျွန်တို့သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်းအမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။ ၁၇ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့လာသော တပါးအမျိုးသားကိုမဆိုဘဲ၊ ယုဒအမျိုးသား တို့နှင့်မင်းအရာရှိတရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။ ၁၈နေ့တိုင်းငါ့စားပွဲ နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကိုစီရင်ရ၏။ ဆယ်ရက်တခါ များစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက် ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်ရိတ်က္ခာကို ငါမတောင်း။ ၁၉အိုအကျွန်ုပ်ဘုရားသခင်၊  ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကိုအောက်မေ့၍ ကျေးဇူး ပြုတော်မူပါ။