ယေဇကျေလ အခန်းကြီး (၃၁)


၁သက္ကရာဇ်တဆယ်တခု၊ တတိယလတရက်နေ့တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍ ၂အချင်းလူသား သင်သည် အဲဂုတ္တုပြည် ရှင်ဘုရင်ဖာရောမင်းနှင့် သူ၏ အလုံးအရင်းအား ဟောပြော ရမည်မှာ သင်သည်ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။ ၃အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသောအကိုင်း၊အမြင့်သောအရပ်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနုန်အာရဇ်ပင်ဖြစ်၏။ ၄မြစ်ရေ၏ ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲသော ရေ၏ ကျေးဇူးကြောင့် အရပ်မြင့်ခြင်း ရှိ၏၊၊ သူစိုက်ရာ အရပ်တို့၌ ရေစီး၍ ခပ်သိမ်းသော တောပင်ရှိရာသို့မြစ်ရေသည် နှံ့ပြားလေ၏။ ၅ထိုသို့သော အားဖြင့် တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသောကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။ ၆မိုဃ်းကောင်းကင် ငှက်အပေါင်းတို့သည် အကိုင်းအခက်တို့၌ အသိုက်လုပ်ကြ၏။ တောတရိစ္ဆြွာန် အပေါင်းတို့သည် အကိုင်းအခက်တို့အောက်၌သာ ဘွားကြ၏။ ထိုအပင်၏အရိပ်၌ ကြီးမားသောလူမျိုး အပေါင်းတို့သည် နေကြ၏။ ၇ထိုသို့ ရေများသောအရပ်၌ အမြစ်ဆွေးသောကြောင့်၊ ကြီးမြင့်၍ အခက်အလက် ရှည်လျားသဖြင့် လှသော အဆင်းနှင့် ပြည့်စုံ၏။ ၈ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရှုးပင်နှင့် အာရမုန်ပင်တို့သည် ထိုသို့သောအကိုင်းအခက်နှင့် မပြည့်စုံကြ။ ဘုရားသခင်၏ ဥယျာဉ် တော်၌ သစ်ပင်တပင်မျှ ထိုအပင်ကဲ့သို့ အဆင်းမလှ။ ၉ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူသည်တိုင်အောင်၊ အခက်အလက် များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။

၁ဝတဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ထိုအာရဇ်ပင်သည် အရပ်မြင့်လျက် ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို မြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက် ရှိသောကြောင့်၊၁၁လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကို ကျပ်တည်းစွာ စီရင်သောသူ၏ လက်သို့ ငါအပ်လေပြီ၊၊ သူပြုသော အဓမ္မအမှု ကြောင့် နှင်ထုတ်လေပြီ။ ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသားတို့သည် သူ့ကိုခုတ်လှဲ၍ ပစ်ထားကြပြီ၊ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာ ကျ၍ တပြည်လုံးမြစ်နားမှာ ကျိုးပဲ့လျက် နေကြ၏။  မြေကြီသား အပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏၊၊ ၁၃ မိုဃ်းကောင်းကင်ငှက်နှင့်တောတိရစ္ဆာန်အပေါင်းတို့ သည် ကျိုးပဲသော အကိုင်းအခက်တို့တွင် အပေါ်တွင်နေရကြ၏။ ၁၄အကြောင်းမူကား ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တပင်မျှ အရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှမြင့်လျက် မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်းတက်သော လူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေအောက်အရပ်သို့ ၄င်းရောက်စေခြင်းငှါ ငါအပ်လေပြီ။ ၁၅အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသော နေ့၌ နက်နဲသောအရပ်ကို သူ့အဘို့ မသာအဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါ့ကန့်ကွက်၍ ကြီးစွာ သောရေကို ချုပ်ထား၏။ လေဗနုန်တောင်ကို သူ့အဘို့ မသာအဝတ်ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်း တို့သည် စိတ်ပျက်ကြ၏၊ ၁၆မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့် အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး အမြတ်ဆုံးသော လေဗလုန်သစ်ပင်မှစ၍၊ ရေကို သောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းကို ရောက်ကြ၏။ ၁၇ထို သူနှင့်တကွ သူ့လက်ရုံးဖြစ်၍ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံခြင်းသူတို့နေရာ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ၏။ ၁၈သင်သည် ဘုန်းတန်ခိုး အာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင်သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက် အရပ်သို့ နှိမ့်ချခြင်းကို ခံရမည်။ အရေဖျားလှီးခြင်းကို မခံသောသူ၊ ထားဖြင့်အသေခံရသောသူတို့နှင့် အတူလဲ၍နေရမည်။ ထိုသို့ ဖာရောဘုရင်နှင့် သူ့အလုံးအရင်း ရှိသမျှ တို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။