ယေရမိ အခန်းကြီး (၂)


၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ သင်သည်ယေရုရှလင်မြို့ သို့သွားပြီးလျှင်၊ ၂အော်ဟစ်ရမည်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သောတောအရပ်၌ သင်သည်ငါ့နောက်သို့လိုက်သော အခါ၊ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစား ခြင်းနှင့် ယှဉ်သောချစ်ခြင်းမေတ္တာကို၎င်း ငါအောက်မေ့၏။ ၃ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း၏။ စီးပွါးတော်အဘို့ အဦးသီးသော အသီးဖြစ်၏။ သူတို့ကိုလုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

၎အိုယာကုပ်အမျိုးနှင့် ဣသရေလအမျိုးအနွှယ်အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ၅ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ထံမှ ဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ် မည်သော အပြစ်ကို တွေ့ကြသနည်း။ ၆သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့် ပြည့်စုံသောသူ၊ သွေ့ခြောက်၍သေမင်းအရိပ်လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူမရှိသော ပြည်တရှောက်လုံး သို့ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိ တော်မူသနည်းဟု မမေးကြ။ ၇ဝပြောသောပြည်၏ အသီးအနှံ ဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွား၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကိုညစ်ညူးစေ၍၊ ငါ၏အမွေကို ရွံ့ရှာဘွယ်ဖြစ်စေကြသည်တကား။ ၈ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာရှိတော် မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့သည် ငါ့ကိုပြစ်မှားကြ၏။ ပရောဖက်တို့သည် ဗာလကိုအမှီပြု၍ ဟောပြောလျက်၊ ကျေးဇူးမဲ့သောလမ်းသို့လိုက်ကြ၏။

၉ထိုကြောင့်၊ သင်တို့နှင့် သင်တို့သားသမီးများကို ငါစစ်ကြောမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ၁ဝခိတ္တိမ် ကျွန်းတို့သို့ ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကိုစေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင် ကြလော့။ ၁၁အခြားတပါးသောလူမျိုးကိုးကွယ်သော ဘုရားသည်ဘုရား မဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော့။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့ မိမိတို့ဘုန်းကို ပြောင်းလဲကြပြီတကား။ ၁၂ထာဝရဘုရားမိန့်တော်မူ သည်ကား၊ အိုမိုဃ်းကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီးမွေးညှင်းထသည်တိုင်အောင် ထိတ်လန့် လျက်နေကြလော့။ ၁၃ငါ၏လူတို့သည် အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပယ်၍၊ ရေမလုံ၊ ပဲ့ပျက်သော ရေကျင်းတို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကိုပြုကြပြီ။

၁၄ဣသရေလသည် ကျွန်ဖြစ်သလော။ ကျွန်သားပေါက်ဖြစ်သလော။ အဘယ်ကြောင့်လုယူခြင်းကိုခံရ သနည်း။ ၁၅ခြသေ့င်္တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှမနေရ။ ၁၆နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင်၏ဦးထိပ်ကို စားကြပြီ။ ၁၇သင့်ကိုပို့ဆောင်တော်မူသောသင်၏ ဘုရားသခင်ထာဝရဘုရားကို သင်သည်စွန့်သောကြောင့်၊ ထိုသို့ သောအပြစ်ရောက်သည် မဟုတ်လော။ ၁၈ယခုမှာ သင်သည်ရှိဟောရ မြစ်ရေကို သောက်အံ့သောငှါ၊ အဲဂုတ္တုလမ်း သို့ အဘယ်ကြောင့်လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ၁၉သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကိုအပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲနေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။

၂ဝရှေးကာလ၌ သင်ထမ်းရသောထမ်းဘိုး၊ သင်၌ချည်သောနှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု သတိထားသော်လည်း၊ မြင့်သောတောင်သောရှိသမျှအပေါ်၌၄င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၄င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။ ၂၁အကောင်းဆုံးသော စပျစ်နွှယ်ပင် အမျိုးစစ်ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း၊ သင်သည် ငါ့ရှေ့မှာ အဘယ်မျှလောက် ဖောက်ပြန်၍၊ အမျိုးမစစ်သော စပျစ်နွှယ်ပင်ဖြစ်ပါသည်တကား။ ၂၂သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သောဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။ ၂၃သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလဘုရားတို့နောက်သို့မလိုက်ဟု အဘယ်သို့ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သောလမ်း ကို ကြည့်ရှုလော့။ သင်ပြုသောအမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာပြေး၍ လှည့်လည်တတ်သော ကုးလားအုပ်မပါ တကား။ ၂၄တော၌လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက် သာအခါ အဘယ်သူဆီတားနိုင်သည်နည်း။ သူ့ကိုရှာအံ့သောငှါ အဘယ်သူမျှပင်ပန်းခြင်းကို မခံရ။ အချိန်စေ့သောအခါ သူ့ကိုတွေ့လိမ့်မည်။ ၂၅သင်၏ခြေနင်းကိုမပျက်စေနှင့်။ ရေငတ်ခြင်းအကြောင်းကို မပြုနှင့်ဟု ဆိုသော်လည်း၊ သင်ကမြော်လင့်စရာမရှိ၊ အလျှင်းမရှိ။ သူတပါးတို့ကို ငါချစ်၍၊ သူတို့နောက်သို့လိုက်မည်ဟု ပြန်ပြော၏။ ၂၆ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသရေလအမျိုး၏ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပုရောဖက်နှင့် တကွ အမျိုးသားများတို့သည် ရှက်ကြ၏။ ၂၇သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘဖြစ်တော် မူ၏ဟူ၍၄င်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဘွားမြင်တော်မူပြီဟူ၍၄င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။ ၂၈ကိုယ်အဘို့ သင်လုပ်သောဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့သည် တတ်နိုင်လျှင် ထား၍ ကယ်ကြပါလေစေဟု အိုယုဒပြည်၊ သင်သည် မြို့များအရည်အတွက်ရှိသည် အတိုင်း၊ သင်၏ဘုရားများရှိပါသည် တကား။ ၂၉ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အဘယ်အကျိုး အလိုငှါ ငါနှင့်တရားတွေ့ကြမည်နည်း။ သင်တို့ရှိသမျှသည် ငါ့ကိုပြစ်မှားကြပြီ။ ၃ဝငါသည်သင်တို့သားများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည် ဆုံးမခြင်းကိုမခံကြ။ သင်တို့၏ ထားသည် လုယူဖျက်ဆီးတတ်သော ခြသေ့င်္ကဲ့သို့၊ သင်တို့၏ ပုရောဖက်များကို ဖျက်ဆီးလေပြီ။

၃၁ယခုဖြစ်သောအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည်ဣသရေလ အမျိုး၌တောကဲ့၎င်း၊ မှောင်မိုက်နိုင်ငံကဲ့သို့၎င်း ဖြစ်ဘူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့လည်မည်။ ကိုယ်တော်ထံသို့ နောက်တဖန်မချည်းကပ်ဟု အဘယ်ကြောင့်ဆိုကြသနည်း။ ၃၂အပျိုမသည် မိမိ၌ဆင်သောတန်ဆာ ကို၎င်း၊ မင်္ဂလာဆောင်သတို့သမီးသည် မိမိခါးပန်းကို၎င်း မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင်များစွာသောကာလပတ်လုံး ငါ့ကိုမေ့လျော့ကြပြီ။ ၃၃သင်သည် ရည်းစားကိုရှာခြင်းငှါ၊ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့် ပြုပြင်သနည်း။ သင်၏အသိအကျွမ်းတို့ကိုသွေးဆောင်လေပြီတကား။ ၃၄ထိုမှတပါး၊ အနိုင်အထက်ပြုသည်ကို သင်မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသောအသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏။ ၃၅ထိုသို့သောအပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏ အမျက်တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟု ဆိုသောကြောင့်၊ သင့်ကိုငါစစ်ကြောစီရင်မည်။ ၃၆သင်သည်အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ၊ အဘယ်ကြောင့်ဤမျှလောက် လှည့်လည် သနည်း။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ၊ အဲဂုတ္တုပြည်ကို ရှက်ကြောက်လိမ့်မည်။ ၃၇သင်သည်မိမိလက်ကို မိမိခေါင်းပေါ်မှာတင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရဘုရားသည် ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကိုမရနိုင်ရာ။