ယောဘ အခန်းကြီး(၁၄)


၁လူသည် မိန်းမဘွားသောသူဖြစ်သဖြင့် အသက်တို၍ ဒုက္ခပြည့်စုံပါ၏၊၊ ၂ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏၊၊ မတည်မရပ်ဘဲအရိပ်ကဲ့သို့ ရွှေ့သွားတတ်ပါ၏၊၊ ၃ထိုသို့သောသူကို ကိုယ်တော် ကြည့်မှတ်တော်မူသလော။ အကျွန်ုပ်နှင့်ဘက်၍ တရားတွေ့တော်မူမည်လော့၊၊ ၄မသန့်ရှင်းသော အရာထဲက သန့်ရှင်းသော အရာကို အဘယ်သူထုတ်ဘော်နိုင်သနည်း၊၊ အဘယ်သူမျှမထုတ်မဘော်နိုင်ပါ၊၊ ၅လူ၏နေ့ရက် တို့ကို မှတ်သား၍ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူမလွန်နိုင်သော အပိုင်းအခြားကိုထားတော်မူသောကြောင့်၊ ၆မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိနေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူပါ။ ၇သစ်ပင် ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာရှိ၏။ ၈မြေထဲမှာ အမြစ် ဟောင်း၍ မြေပေါ်မှာ အငုတ်သေသော်လည်း၊ ၉ရေငွေ့ကြောင့် အတက်ပေါက်၍ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်၊၊ ၁ဝလူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည်အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ ၁၁အိုင် ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက်သကဲ့သို့၎င်း၊ ၁၂လူသည်အိပ်ပြီးမှနောက်တဖန်မထရ။ မိုဃ်းကောင်းကင် မကုန်မဆုံးမှီတိုင်အောင် မနိုးရ၊၊ အအိပ်အပျော်မပျက်ရ။

၁၃ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီ တိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။ ၁၄လူသည် သေလျှင်အသက်ရှင်   ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံ လျက်နေပါမည်။ ၁၅အကျွန်ုပ်ကိုခေါ်တော်မူပါ၊၊ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်းစိတ်ရှိတော်မူပါ။ ၁၆ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည်ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။ ၁၇အကျွန်ုပ်သည်မှားခြင်း အကြောင်း အရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။ ၁၈ပြိုသောတောင် သည် ကွယ်ပျောက်တတ်ပါ၏၊၊ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏၊၊ ရေတိုက်သော ကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ ၁၉လွှမ်းမိုးသော ရေနှင့်အတူ မြေမှုန့် ပါသွားတတ်ပါ၏။ ထိုအတူကိုယ်တော်သည် လူမြော်လင့် စရာအကြောင်းကို ဖျက်တော်မူ၏။ ၂ဝကိုယ်တော်သည် လူကိုအစဉ်နိုင်တော်မူ၍ လူသည် ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသော မျက်နှာကိုပေး၍ အခြားသို့ လွှတ်လိုက် တော်မူ၏၊၊ ၂၁သူ၏သားတို့သည် မြှောက်ခြင်းသို့ ရောက်သော်လည်း သူသည် မသိရပါ။ နှိမ့်ချခြင်းသို့ ရောက် သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။ ၂၂သို့ရာတွင် သူ၏ကိုယ်သည် ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည် ညည်းတွား လျက်နေရပါသည်ဟုမြွက်ဆို၏။