ယောဘ အခန်းကြီး(၂၄)


၁အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း၊၊ နားလည်သော သူတို့သည် တရားစီရင်တော်မူရာနေ့ရက်ကို အဘယ်ကြောင့်မမြင်ရသနည်း၊၊ ၂အချို့သောသူတို့သည် မြေမှတ်တိုင် တို့ကို ရွေ့တတ်ကြ၏၊၊ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ထိန်းကျောင်းကြ၏၊၊ ၃မိဘမရှိသော သူငယ်၏ မြည်းကိုမောင်းသွား၍ မုတ်ဆိုးမ၏နွားကို အပေါင်ယူကြ၏၊၊ ၄ငတ်မွတ်သောသူတို့ကို လမ်းလွဲစေကြ၏၊၊ ဆင်းရဲသော ပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက်နေရကြ၏၊၊ ၅သူတို့သည် အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏၊၊ စားစရာကို ရှာခြင်းငှါ နံနက်စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။ ၆လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကိုရိတ်၍ သူ၏စပျစ်သီးကို သိမ်းရကြ၏၊၊ ၇ချမ်းသောကာလ၌ ကိုယ်ကို ဖုံးလွှမ်းစရာအဝတ်မရှိ၊၊ အချည်းစည်းအိပ်ရကြ၏၊၊ ၈တည်းခိုးစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေစိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏၊၊ ၉အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏၊၊ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏၊၊ ၁ဝအဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါးကောက်လှိုင်းကို ထမ်းရ၏၊၊ ၁၁သူတပါးအိမ်မှာ  ဆီကို ကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏၊၊ ၁၂လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏၊၊ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ ဆုတောင်းသော စကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ၊၊

၁၃အချို့သော သူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ၊၊ လင်းသော လမ်းသို့ မလိုက်တတ်ကြ၊၊ ၁၄လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏၊၊ ၁၅ညဥ့်အခါ သူခိုးလုပ် တတ်၏၊၊ သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍ မိမိမျက်နှာကို ဖုံးလျက် အဘယ်သူမျှ မမြင်ရဟု ဆိုတတ်၏၊၊ ၁၆လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏ အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ ၍ အလင်းကို ရှောင်တတ်ကြ၏၊၊ ၁၇နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍ သေမင်းအရိပ်ကြောက်မက်ဘွယ် သောဘေးတို့ကို သိရကြ၏၊၊ ၁၈ရေပေါ်မှာ ပေါ့ပါးကြ၏၊၊ မြေပေါ်မှာ ကျိန်ဆဲသော အဘို့ကိုခံရ၍ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ၊၊ ၁၉မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏၊၊ ၂ဝသူ၏အမိသည် သူ့ကိုမေ့လျော့၍ တီကောင်တို့သည်  မြိန်စွာစားလိမ့်မည်၊၊ နောက်တဖန်အဘယ်သူမျှ မအောက်မေ့ရ၊၊ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။

၂၁မတရားသော သူသည် သားမဘွားသော မိန်းမကို ညှဉ်းဆဲတတ်၏၊၊ မုတ်ဆိုးမကိုလည်း ကျေးဇူးမပြုတတ်၊  ၂၂အားကြီးသော သူကိုပင်မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏၊၊ ထသောအခါ လူတိုင်းကိုယ်အသက်အဘို့ စိုးရိမ်တတ်၏၊ ၂၃သို့ရာတွင် ရဲရင့်စွာ ခိုလှုံရာ အခွင့်ကို သူ့အားပေး၍ ထိုသို့သောသူတို့၏ အမှုများကို ပမာဏပြုတော်မူ၏၊၊ ၂၄ခဏမြှောက်ခြင်းသို့ ရောက်၍ တဖန်ကွယ်ပျောက်ကြ၏၊၊ နှိမ့်ချခြင်းသို့ ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏၊၊ ၂၅သို့မဟုတ်လျှင် ငါ၏မုသာအပြစ်ကို အဘယ်သူပြ မည်နည်း၊၊ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏၊၊