ယောဘ အခန်းကြီး(၃၀)


၁ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏၊၊ သူတို့အဘများကို ငါသည် ရွှံ့ ရှာ၍ ငါ့သိုးစုကို စောင့်သော ခွေးတို့တွင်မျှနေရာမပေး၊၊ ၂သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း၊၊ ၃ ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်၊၊ နက်နဲသော တောအရပ်နှင့် လူဆိတ်ညံရာအရပ်သို့ပြေးကြ၏၊၊ ၄စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏၊၊ ၅လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက်သကဲ့သို့ သူတပါးတို့သည် လိုက်၍ အော်ဟစ်ကြ၏၊၊ ၆ကြောက်မက် ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏၊၊ ၇ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင်အောက်မှာ စုဝေးလျက်နေကြ၏၊၊ ၈လူမိုက်သား၊ လူယုတ်သားဖြစ်၍ အရပ်ရပ်နှင် ထုတ်ခြင်းကို ခံရကြ၏၊၊

၉ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ ကဲ့ရဲ့ပုံခိုင်းရာဖြစ်ပါသည်တကား၊၊ ၁ဝငါ့ကိုရွံ့ရှာ၍ ဝေးစွာရှောင်တတ် ကြ၏၊၊ ငါ့မျက်နှာကိုတံထွေးနှင့် မထွေးဘဲမနေကြ၊၊ ၁၁ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲတော်မူသောကြောင့် သူတို့သည် ငါရှေ့မှာ ဇက်ကြိုးကိုလွှတ်တတ်ကြ၏၊၊ ၁၂သူငယ်တို့သည် ငါ့လက်ျာဘက်၌ထ၍ ငါ့ခြေကိုတွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။ ၁၃ငါ့လမ်းဖျက်၍ ကိုငါ့ကိုလဲစေခြင်းငှါ ကြိုးစားကြ၏၊၊ သူတို့တွင်သတိပေးသော သူမရှိ။ ၁၄ကျယ်သောတွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ ငါ့ထံသို့ တဟုန်တည်းပြေး လာကြ၏။ ၁၅ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့အပေါ်သို့ရောက်၍ လေတိုက်သကဲ့သို့ ငါ့ဘုန်းကိုလိုက်သဖြင့် ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ၊၊

၁၆ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ၊၊ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုမှီပြီ၊၊ ၁၇ ညဥ့်အခါ ငါ့အရိုးတို့သည် အလွန် ကိုက်ခဲ၍ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ၊၊ ၁၈ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့်ဖုံးလွှမ်းသကဲ့သို့ ငါ့ကိုဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏၊၊ ၁၉ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့် မီးဖိုပြာကဲ့သို့ဖြစ်လေပြီ၊၊ ၂ဝကိုယ်တော်အား အကျွန်ုပ် အော်ဟစ်သော်လည်း ကြားတော်မမူ၊၊ အကျွန်ုပ်သည် မတ် တတ်နေသော်လည်း မှတ်တော်မမူ၊၊ ၂၁အကျွန်ုပ်ကို ကြမ်းတမ်းစွာပြု၍၊ အားကြီးသောလက်တော်နှင့် ညှဉ်းဆဲတော် မူ၏၊ ၂၂အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့် အကျွန်ုပ်၏ကိုယ်ခန္ဓြွာကို ဖြုတ်လွှင့်တော်မူ၏၊၊ ၂၃သေခြင်းသို့ ၄င်း၊ အသက်ရှင်သော သူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင်တော်မူမည်ဟု အကျွန်ုပ် သိပါ၏၊၊ ၂၄ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏၊၊ ဖျက်ဆီးတော်မူ သောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ၊၊ ၂၅အမှုရောက်သောသူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော၊၊ ဆင်းရဲ သောသူအတွက် ငါစိတ်နာကြဉ်းဘူးပြီမဟုတ်လော၊၊ ၂၆သို့သော်လည်း ငါသည်ကောင်းကျိုးကို မြော်လင့်သောအခါ ဘေးရောက်လာ၏၊၊ အလင်းကိုတောင့်တသောအခါ မှောင်မိုက်ဖြစ်၏။ ၂၇ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ၊  ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ၊၊ ၂၈နေရောင်ကွယ်၍ မှောင်မိုက် ၌ လှည့်လည်ရ၏၊၊ ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။ ၂၉မြေခွေးတို့နှင့် ညီအစ်ကိုတော်၏၊၊ ကုလား အုပ်ငှက်တို့နှင့် ပေါင်းဘော်ရ၏။  ၃ဝအဆင်းမည်းလျက်အရိုးပူလောင်လျက်ရှိ၏၊၊ ငါ့စောင်းသည် ညည်းတွားသော အသံ၊ ငါ့ပုလွေသည် ငိုကြွေးသော အသံကိုသာ ပေးတတ်၏၊၊