ဟေရှာယ အခန်းကြီး (၃၆)

၁ဟေဇကိမင်းကြီးနန်းစံဆယ်လေးနှစ်တွင် အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ ခိုင်ခံ့သော မြို့ရှိသမျှ တို့ကိုစစ်ချီ၍ လုပ်ကြံပြီလျှင်၊ ၂ရာဗရှာခကိုခန့်ထား၍ များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏၊၊ ထိုဗိုလ်ချုပ်မင်းသည်ရောက်၍၊ ခဝါသည်၏လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေ၏၊၊ ၃ထိုအခါဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီး လျှင်၊ ၄ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိ ရှင်ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း၊၊ ၅စစ်တိုက်လောက် အောင်ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင်ဆိုပါသည်တကား၊၊ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း၊၊ ၆ကျိုးသော ကျူလုံးတောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား၊၊ ထိုကျူလုံးသည် မှီသောသူ၏ လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်၊၊ ထိုသို့အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသောသူအပေါင်းတို့ကို ပြုလိမ့်မည်၊၊ ၇သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးစားသည်ဟုဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍၊ ဤမည်သော ယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ပြစ်မှားသော ဘုရားဖြစ်သည် မဟုတ်လော၊၊ ၈သို့ဖြစ်၍၊ ယခုတွင်ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့၊၊ သင်၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည်၊၊ ၉သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်ဟု ယုံပါသည်တကား၊၊ ၁ဝထာဝရဘုရား၏အခွင့်မရှိဘဲ၊ ဤပြည်ကိုဖျက် ဆီးခြင်းငှါငါလာသလော၊၊ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ၊၊ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏၊၊

၁၁ထိုအခါဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါ လော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏၊၊ မြို့ရိုးပေါ်မှာရှိသောသူတို့သည် ကြားရအောင်၊ ယုဒဘာသာ စကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကိုဆိုကြလျှင်၊ ၁၂ရာဗရှာခက၊ ငါ့သခင်သည်သင်၏ သခင်နှင့်သင့်အားသာ ဤစကား ကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော၊၊ မြို့ရိုးပေါ်မှာထိုင်လျက်၊ သင်တို့နှင့်အတူ မိမိတို့မစင်ကို စား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လောဟု ဆိုပြီးလျှင်၊ ၁၃ရာဗရှာခသည်ထ၍ ယုဒဘာသာစကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင် မင်းကြီး အာရှုရိရှင်ဘုရင်၏အမိန့်တော်ကို နားထောင်ကြလော့၊၊ ၁၄ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားနှင့်၊၊ သူသည်သင်တို့ကိုကယ်ယူခြင်းငှါ မတတ်နိုင်၊၊ ၁၅ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန် ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟုဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။ ၁၆-၁၇ဟေဇကိစကားကို နားမထောင်ကြနှင့်၊အာရှုရိရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့်မိဿဟာသဖွဲ့ကြ၊၊ ငါ့ထံသို့ထွက်လာကြ၊၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကိုပို့ခြင်းငှါ ငါမလာမှီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကိုစား၍၊ ကိုယ်ရေကန် ကရေကိုသောက်လျက် နေကြဦးလော့၊၊ ၁၈ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်၊၊ အပြည်ပြည်သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှကယ်လွှတ်ကြပြီလာ။ ၁၉ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှကယ်လွှတ်ကြပြီလော၊၊ ၂ဝထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ်မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ်ဘူးသနည်း၊၊ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှအဘယ်သို့ ကယ်လွှတ် နိုင်မည်နည်းဟုဆိုလေ၏၊၊ ၂၁ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏၊၊ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်အမိန့်တော်ရှိသတည်း၊၊

၂၂ထိုအခါဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီး ရှေ့ဗန၊ အာသပ်သားအတွင်း ဝန် ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍၊ ရာဗရှာခစကားကို ကြားလျှောက် ကြ၏၊