ဟေရှာယ အခန်းကြီး (၃၉)

၁ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်းနာ၍၊ အနာပျောက် သည်ကို ကြားသောကြောင့်၊မေတ္တာစာနှင့် လက်ဆောင်ပါလျက်၊ တမာန်တို့ကို စေလွှတ်လေ၏။ ၂ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံသာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့်ဘဏ္ဍာတော် အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသော အရာ တစုံတခုမျှမရှိ။

၃ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီး ထံတော်သို့သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ ၄နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခုမျှမရှိဟု ပြန်ပြော၏။ ၅ထိုအခါ ဟေရှယက၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။ ၆နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန် ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။ ၇သင်နှင့်နွှယ်၍ရသော သင်၏သားမြေးတို့ကိုလည်းယူသွား၍၊ သူတို့ သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။ ၈ဟေဇကိ မင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ကောင်းပါ၏ ဟူ၍၄င်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်း ရှိရလိမ့်မည် ဟူ၍၄င်း၊ ဟေရှာယအား ဆိုလေ၏။