ဟေရှာယ အခန်းကြီး (၄၀)

၁သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။ ၂စစ်မှုကိုထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ပြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရပြီ၊၊

၃တော၌ ဟစ်ကြော်သော သူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်းကို ပြင်ကြလော့၊၊ ငါတို့ဘုရား သခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့၊၊ ၄ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးး တောင်ငယ်ရှိ သမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကိုဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင် ပြင်ဆင်ရမည်။ ၅ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ကြရလေတုံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။

၆တဖန်ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင်ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။ ၇ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်သည်လည်းကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။ ၈မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမှုကား၊ကာလအစဉ်အမြဲတည်၏ဟုဆိုသတည်း။

၉ဇိအုန်းတောင်သို့ဝမ်းမြောက်စရာသိတင်းကိုဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တတ်လော့။ ယေ ရုရှလင်မြို့သို့ဝမ်းမြောက်စရာသတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကိုလွှင့်လော့။ မစိုးရိမ်ဘဲ အသံကိုလွှင့် လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာ တို့အားပြောလော့။ ၁ဝကြည့်ရှုလော့။ အရှင်ထာဝရဘုရား သည်၊ကြီးသောတန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သော အခ မိမိ ၌ပါလျှက်၊ ဆုလပ် တော်သည် ရှေ့တော်၌ ရှိ၏။ ၁၁မိမိသိုးစုကို သိုးထိန်းကဲသို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ ကို ချီ၍ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင်တော်မူမည်။

၁၂ရေများကိုလက်ဆွန်းဖြင့်ခြင်သောသူ၊ မိုဃ်းကောင်ကင်ကို မိမိလက်ဖြင့်ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်၎င်း၊ တောင်းငယ်ကိုကပ်ပယ်ဖြင့်၎င်း ချိန်သောသူကား အဘယ်သူနည်း။ ၁၃ထာဝရဘုရား၏ဝိညာဉ်ကို အဘယ်သူစစ်ကြောသနည်း။ ထိုဘုရားနှင့်တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။ ၁၄အဘယ်သူနှင့်တိုင်ပင်တော်မူသနည်း၊၊ ထိုဘုရားကို အဘယ်သူသွန်သင်သနည်း၊၊ ထိုဘုရားအား တရားလမ်းကိုပြသောသူ၊ ပညာနည်းကိုပေးသောသူ၊ ဥာဏ်လမ်းကို ညွှန်သောသူကားအဘယ်သူနည်း။ ၁၅လူအမျိုး မျိုးတို့သည် ရေပုံးမှကျသောရေစက်ကဲ့သို့ဖြစ်၍၊ ချိန်ခွင်၌ မြူမုန့်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း၊ လွှင့်တတ်သောအဏုမြူကဲ့သို့ဖြစ်ကြ၏။ ၁၆လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ ရှိသောတိရစ္ဆာန် တို့သည်လည်း၊ မီးရှို့ရာယဇ်တို့ မလောက်။ ၁၇ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ရှေ့တော်၌ဖြစ်ကြ၏၊၊ အဘယ်မျှမဟုတ်သော အရာထက်သာ၍ ငယ်သကဲ့သို့၎င်း၊ အနတ္တ ကဲ့သို့၎င်း မှတ်တော်မူ၏။

၁၈သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍန် တူသည် ဟု ဆိုရအံ့နည်း။ ၁၉ပန်းတဉ်းသမားသည် ရုပ်တုကို သွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့် မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။ ၂ဝအဘိုးထိုက်သော အလှုကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကိုရွေးကောက် ပြီးမှ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှါ၊ လိမ္မာသောလက်သမားကိုရှာတတ်၏။ ၂၁သင်တို့သည် မသိကြသလော။  မကြားကြသလော။ ရှေ့ဦးစွာမှစ၍သင်တို့အားမဘော်ပြသလော။ မြေကြီးတည် သည်အကြောင်းကို နားမလည်ကြ သလော။ ၂၂မြေကြီးစက်အပေါ်မှာထိုင်၍၊ မြေကြီးသားတို့ကိုနှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊ ၂၃မင်းတို့ကိုရုတ်ချ၍၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသောသူပေတည်း။ ၂၄အကယ်စင်စစ်သူတို့ကိုမစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေဘွေသည် သူတို့ကိုဖွဲ့ကဲ့သို့တိုက်လွှင့်လိမ့်မည်။

၂၅သို့ဖြစ်ပါ၍၊ ငါ့ကိုအဘယ်သို့ပုံပြုအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။ ၂၆အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာသည်တို့ကို အဘယ်သူဖန်ဆင်း သနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခုမျှမပေါ်ဘဲမနေရ။

၂၇အိုယာကုပ်အမျိုး၊ သင်သွားသော လမ်းကိုထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကိုသင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့် ဆိုရသနည်း။ ၂၈ထာဝရဘုရား သည်အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍မကုန်နိုင်သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည်မသိမကြားဘူးသလော။ ၂၉ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနွယ်သော သူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ ၃ဝလူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ၃၁ထာဝရဘုရားကို မျှော်လင့်သော သူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေးသောလည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။