တရားဟောရာကျမ်း အခန်းကြီး (၁၉)


၁သင်၏ဘုရာသခင် ထာဝရဘုရားပေးတော်မူသောပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရ ဘုရားပယ်ဖြတ်တော်မူသဖြင့်၊ သင်သည်သူတို့အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊ ၂သင်၏ဘုရား သခင်ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။ ၃လူ့အသက်ကို သတ်မိသောသူ အပေါင်းတို့သည် ထိုမြို့သို့ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့သင်၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည်ကို သုံးပိုင်းပိုင်း၍လမ်းခရီးလည်းပြင်ဆင်ရမည်။ ၄-၅လူ့အသက်ကိုသတ်မိ၍၊ ကိုယ်အသက် ချမ်းသာစေခြင်းငှါ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊ လူသည် ထင်းခုတ်ခြင်းငှါ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ် အခါ၊ ပုဆိန်သည်အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော် သေအောင် ပြုမိသော သူနှင့် တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ပြေး၍ အသက်ချမ်း သာရလိမ့်မည်။ ၆သို့မဟုတ် သေစားသေစေသော  သူသည် စိတ်မာန်ထစဉ်အခါ၊ လူသတ်ကိုလိုက်လျက် ခရီးဝေး သောကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကိုမခံထိုက်။ ၇ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာထား၏။ ၈-၁ဝယနေ့ ငါမှာထားသမျှသော ဤပညတ်တော်တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင်၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အားပေးခြင်း ငှါ ဂတိထားသောပြည်ရှိသမျှကို သင့်အားပေးတော်မူ၍၊ သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေတော်မူလျင်၎င်း၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော် မူသောပြည်၌ အသေမခံထိုက်သောသူသည် အသေခံ၍လူ့အသက်ကိုသတ်သော အပြစ်သည် သင့်အပေါ် မှာမရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့တို့ကိုထပ်၍ ခွဲထားရမည်။

၁၁တနည်းကား၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့်ချောင်းမြောင်း၍ သေအောင်တိုက် သောသူသည် ထိုမြို့တစုံတမြို့သို့ပြေး၍ ရောက်သော်လည်း၊ ၁၂သူ့နေရာမြို့၌အသက်ကြီးသူတို့သည် လူကိုစေလွှတ်၍ ထိုသူကိုဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှါ သေစားသေစေသောသူ၏ လက်၌အပ်လိုက်ရကြမည်။ ၁၃သင်၏ မျက်စိ သည် သူ့ကိုမသနားရ။ သင်သည်ချမ်းသာရမည်အကြောင်း၊ လူအသက်သတ်ခြင်းအပြစ်ကိုဣသရေလအမျိုးမှပယ် ရှင်းရမည်။

၁၄သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားအပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာမြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သောအိမ်နီးချင်း၏မြေမှတ်တိုင်ကိုမရွှေ့ရ။ ၁၅လူသည်ပြုမိသောဒုစရိုက်၊ ပြစ် မှားမိသောအပြစ်ကိုစစ်ကြောသောအခါ၊ သက်သေခံတဦးတည်း ရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦးအားဖြင့်စကား ရှိသမျှတို့သည် တည်ရ လိမ့်မည်။ ၁၆မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက် ၌မမှန်သော သက်သေကိုခံလျှင်၊ ၁၇တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရဘုရား ရှေ့တော်သို့၎င်း၊ ထိုကာ လ၌ရှိသောယဇ်ပုရောဟိတ်၊ တရားသူကြီး ရှေ့သို့၎င်း လာသဖြင့်၊ ၁၈တရားသူကြီး တို့သည်စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက်၌ မမှန်သောသက်သေကိုခံပြီးလျှင်၊ ၁၉မိမိအဘော်၌ပြုမည်ဟုအကြံ ရှိသည်အတိုင်းသူ၌ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲကထိုသို့ ပယ်ရှား ရမည်။ ၂ဝကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သောဒုစရိုက်ကိုမပြုဘဲနေကြလိမ့်မည်။ ၂၁သင် ၏မျက်စိသည် မသနားရ။ အသက်အတွက်အသက်ကို၎င်း၊ မျက်စိအတွက်မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက်လက်ကို၎င်း၊ ခြေအတွက်ခြေကို၎င်း ဒဏ်ပေး ရမည်။