၃ရာ အခန်းကြီး (၅)


၁ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေးကြောင်းကိုတုရုမင်းကြီးဟိရံသည်ကြားလျှင်၊ ဒါဝိဒ် နှင့်အစဉ်မိတ်ဆွေဖွဲ့သောသူဖြစ်၍၊ မိမိကျွန်တို့ကိုစေလွှတ်လေ၏။ ၂တဖန်ရှောလမုန်သည်လည်း၊ ဟိရံထံသို့ စေလွှတ်လျက်၊ ၃ငါ့အဘ ဒါဝိဒ်သည် အရပ်ရပ်၌စစ်တိုက်ရသောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေဘဝါးတော်အောက်သို့နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟုမင်းကြီးသိ၏။ ၄ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ငြိမ်ဝပ်မည်အကြောင်းစီရင်တော်မူသဖြင့်၊ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည်ဖြစ်၍၊ ၅ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့်ကိုယ်စားသင်၏ ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏သားသည် ငါ့နာမ အဘို့ အိမ်ကိုတည်ဆောက်ရမည်ဟုမိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်မည်ဟုငါအကြံရှိ၏။ ၆မင်းကြီး၏ကျွန်တို့သည် ငါ့အဘို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကိုခုတ်လှဲစေခြင်းငှါစီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီး စီရင်သည်အတိုင်း၊ မင်းကြီး၏ကျွန်တို့အားအခကိုပေးပါမည်။ ဇိဒုန်အမျိုးသား တို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင်အဘယ်သူမျှမခုတ်တတ်သည်ကိုမင်းကြီးသိသည်ဟုမှာ လိုက်လေ၏။

၇ရှောလမုန်၏ စကားကို ဟိရံမင်းသည်ကြားလျှင်အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကိုအစိုးရသော သားကိုဒါဝိဒ်အား ပေးတော်မူသောထာဝရဘုရားသည်ယနေ့ မင်္ဂလာရှိတော်မူစေသတည်းဟုဆိုလျက်၊ ၈မင်းကြီးမှာ လိုက်သော အမှုကိုငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်းရှူးသစ်သား လိုသမျှကိုပေးပါမည်။ ၉ငါ့ကျွန်တို့သည်လေဗ နုန်တောင်မှပင်လယ်သို့ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့်ဆောင်ခဲ့၍၊ ထိုအရပ် ၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ့၏နန်းတော်သားစားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံစေရမည်ဟုရှောလမုန်ထံသို့ လူကိုစေလွှတ်၍ပြန်ပြော၏။ ၁ဝထိုသို့ဟိရံသည်ရှောလမုန် အလိုရှိသမျှသောအာရဇ်သစ်သား၊ ထင်းရှူးသစ်သားကိုပေး၏။ ၁၁ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သားများစားစရာဘို့တနှစ်တနှစ် လျှင် ဂျုံဆန်ကောရနှစ်သောင်း၊ စစ်ပြီးသောဆီကောရနှစ်ဆယ်ကိုပေး၏။ ၁၂ထာဝရဘုရားသည်လည်း၊ ဂတိတော် ရှိသည်အတိုင်း၊ ရှောလမုန်အား ပညာကို ပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်းမရှိ။ မိဿဟာယဖွဲ့ကြ၏။

၁၃ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူအပေါင်းတို့တွင် လူသုံးသောင်းတို့ကိုခွဲခန့်၍၊ ၁၄အလှည့် အလှည့် တလလျှင် တသောင်းစီ၊ လေဗနုန်တောင်သို့စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင်ပေါ်မှာတလ၊ ကိုယ်နေရာအရပ်၌နှစ်လနေရကြ၏။ ထိုလူတို့ကိုအဒေါနိရံအုပ်ရ၏။ ၁၅ထမ်းရွက်သောသူခုနှစ်သောင်း၊ တောင်ရိုးပေါ်မှာသစ်ခုတ်သောသူရှစ်သောင်းတို့ ကိုလည်းစေခိုင်းတော်မူ၍၊ ၁၆အုပ်ချုပ်သော မင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူသုံးထောင်သုံးရာရှိ၏။ ၁၇ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော်တိုက်မြစ် အဘို့ကြီးသောကျောက်၊ အဘိုးထိုက်သောကျောက်၊ ဆစ်ပြီးသောကျောက်တို့ကိုဆောင်ခဲ့ကြ၏။ ၁၈ထိုသို့ရှောလ မုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏ လက်သမား တို့သည် ဂေဗာလအမျိုးသားတို့နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့သစ်သားများ၊ ကျောက်များတို့ကိုပြင်ဆင်ကြ၏။