တောလည်ရာ အခန်းကြီး (၄)


၁တဖန် ထာဝရဘုရားသည် မောရှေနှင့်အာရုန်အား မိန့်တော်မူသည်ကား၊ ၂-၃လေဝိအမျိုး၊ ကောဟတ် အနွှယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။ ၄အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ စောင့်ရှောက် ရသော အမှုဟူမူကား၊ ၅တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလား ကာကို ချပြီးလျှင်၊ သက်သေ ခံချက်သေတ္တာကို အုပ်ရမည်။ ၆ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုတ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။ ၇ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကိုတင်ပြီးမှ၊ ၈ထိုအရာတို့ကို၊ နီသောအထည် နှင့် အုပ်ရမည်။ တဖန် တဟာရှ သားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။ ၉မီးထွန်းရာမီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊ ၁ဝထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေ အိတ်ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကိုတပ်ရမည်။ ၁၁ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ တဟာရှသားရေနှင့် အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။ ၁၂သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကိုတပ်ရ မည်။ ၁၃ယဇ်ပလ္လင်မှပြာကို ပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊ ၁၄ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူရွင်းပြား၊ အင်တုံအစရှိသော၊ ယဇ်ပလ္လင် တန်ဆာရှိသမျှတို့ကို တင်၍ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုး တို့ကိုလျှိုထားရမည်။ ၁၅ထိုသို့ တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့်သူ၏သားတို့သည်၊ သန့်ရှင်းရာ ဌာနတော်နှင့် သန့်ရှင်သောတန်ဆာ ရှိသမျှတို့ကို ဖုံးအုပ်သောနောက် ကောဟတ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေခြင်းနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ။ ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ကောဟတ် သားများဆောင်ရွက်သော အမှုပေတည်း။

၁၆ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာ၏အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီးထွန်းစရာဆီ၊ မီးရှို့ရာနံ့သာ ပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ၊ လိမ်းရန်ဆီအစ ရှိသော တဲတော်နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို၎င်း၊ သန့်ရှင်းရာဌာတော်နှင့် သန့်ရှင်းသောတန်ဆာ ရှိသမျှတို့ကို၎င်း ကြည့်ရှုပြုစု ရမည်။

၁၇တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ ၁၈ကောဟတ်အဆွေ အမျိုး အနွှယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။ ၁၉သူတို့သည် အလွန်သန့်ရှင်သောအရာတို့ကို ချဉ်းကပ် ကြသောအခါ သေဘေးလွတ်၍ အသက်ရှင်မည်အကြောင်း၊ အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍၊ လူအသီး အသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည်။ ၂ဝသို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ၊ ကောဟတ်သားတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ အထဲသို့ဝင်၍ မကြည့်ရဟု မိန့်တော်မူ၏။

၂၁တဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ ၂၂-၂၃ဂေရရှုန်အနွှယ်သားတို့တွင် အသက် သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာတဲတော် အမှုကိုဆောင်ခြင်းငှါ အလုံးအရင်းဝင် သောသူ အပေါင်း တို့ကို ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။ ၂၄ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသောအမှု၊ ထမ်းရသော ဝန်ဟူမူကား၊ ၂၅အတွင်းတဲတော်ကုလားကာ၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသား ရေအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသောကုလားကာ၊ ၂၆တဲတော်နှင့်ယဇ်ပလ္လင်ပတ်လည် ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိသည်တို့ကို၎င်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှ တို့ကို၎င်း ထမ်းရွက်ရကြမည်။ ၂၇ဂေရရှုန်သားများ အမှုစောင့်လေရာရာ။ ဝန်ထမ်းလေ ရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင်သည်အတိုင်း ဆောင်ရွက်ရကြမည်။ ၂၈ဤရွေ့ကား၊ ပရိသတ်စည်းဝေး ရာတဲတော်၌၊ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ သည် သူတို့ကိုအုပ်ရမည်။

၂၉-၃ဝမေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။ ၃၁သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော်ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊ ၃၂ဝင်းတိုင်၊ ခြေစွပ်၊ တံသင်၊ ကြိုးများတို့ကို၎င်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှ တို့ကို၎င်း ထမ်းရွက်ရကြမည်။ သူတို့ထမ်းရွက် ရသော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။ ၃၃ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်၌ မေရာရိအဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။

၃၄-၃၆မောရှေနှင့်အာရုန်အစရှိသော ပရိသတ်သူကြီးတို့သည် ကောဟတ်သားတို့တွင် အသက် သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာ ငါးဆယ်ရှိသတည်း။ ၃၇ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်သည် ရေတွက်၍ ပရိ သတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရသော ကောဟတ်အဆွေ အမျိုးသားပေတည်း။

၃၈-၄ဝဂေရရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား၊ နှစ်ထောင်ခြောက်ရာ သုံးဆယ်ရှိသတည်း။ ၄၁ဤသူတို့သည်၊ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ မောရှေနှင့် အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရသော ဂေရရှုန် အဆွေအမျိုးသားပေတည်း။

၄၂-၄၄မေရာရိသားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်းသော သူပေါင်းကား၊ သုံးထောင်နှစ်ရာရှိသတည်း။ ၄၅ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေးတည်း။

၄၆-၄၈ထိုသို့နှင့်အညီ၊ လေဝိသားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုစောင့်၍ ဝန်များကိုထမ်းခြင်းငှါ ဝင်သောသူအပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလသူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ ရှစ်ထောင်ငါးရာ ရှစ်ဆယ်ရှိသတည်း။ ၄၉မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တော်အတိုင်း၊ လူအသီးအသီးစောင့် ရသောအမှု၊ အသီးအသီးထမ်းရသောဝန်တို့ကို ထောက်၍ မောရှေရေတွက်သတည်း။