တမန်တော်အခန်းကြီး(၁၅)


၁ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသောသူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမသြဝါဒပေးကြ၏။ ၂ထိုသူတို့နှင့်ပေါလု၊ ဗာနဗတို့သည် ဆွေးနွှေးငြင်းခုန်ခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသော တပည့်တော်အချို့တို့နှင့်တကွ ထိုပြဿနာ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့ သွားရမည်အကြောင်းကို စီရင်ကြ၏။ ၃အသင်းတော်သည် လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗ တို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။ ၄ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။

၅ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။ ၆ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင် ခြင်ခြင်းငှါ စည်းဝေးကြ၏။ ၇များစွာသောဆွေးနွေးငြင်းခုန်ခြင်းရှိသောအခါ ပေတရုသည်ထလျှက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရား ကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။ ၈စိတ်နှလုံးကိုသိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။

၉ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကိုခြားနားစေတော်မမူ။ ၁ဝသို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများမထမ်းနိုင်သော ထမ်းပိုးကိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။ ၁၁သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရုပြောဆို၏။ ၁၂ထိုအခါဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူ အပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။

၁၃ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ၁၄ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည်ဟောပြောခဲ့ပြီ။ ၁၅ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။ ၁၆ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကို ရှာစေ ခြင်းငှါ နောက်မှငါပြန်လာမည်။ ၁၇လဲလျှက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊ ၁၈ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ် တော်ရှိ၏ဟု လာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကို သိတော်မူသည်။ ၁၉ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသောသူတို့ကို မနှောင့် ရှက်ဘဲလျက်၊ ၂ဝရုပ်တုတို့၏ညစ်ညူးရာကို၎င်း၊ မတရားသောမေထုံကို၎င်း၊ လည်ပင်းကိုညှစ်၍သတ်သော အရာကို၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင်စေခြင်းငှါ သူတို့ကိုမှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။ ၂၁အကြောင်းမူကား မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှ စ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။

၂၂ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူအပေါင်းတို့သည် မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့်သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗ တို့နှင့်တကွ စေလွှတ်မည်အကြောင်း သဘောညီညွတ်ကြ၏။ ၂၃သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည် အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်ကိုတို့ကို မေတ္တာနှင့်ကြားလိုက်ပါ၏။ ၂၄လူအချို့တို့ သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကို ကျင့်ရမည်ဟူသော စကားဖြင့်၊ သင်တို့၏စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည်ဖြစ်၍၊ ၂၅ငါတို့သခင် ယေရှုခရစ်၏နာမ တော်ကြောင့် မိမိအသက်ကိုစွန့်စားသောသူတည်းဟူသော၊ ၂၆ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက် သောသူတို့ကို သင်တို့ဆီသို့ စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊ ၂၇ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့်ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ် ကြ၏။ ၂၈ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊ ၂၉လည်ပင်ကိုညှစ်၍သတ်သောအရာ ကို၎င်း၊ မတရားသောမေထုံကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျမ်းမာ ကြပါစေသောဟု ရေး၍ပေးလိုက်သတည်း။

၃ဝထိုသူတို့သည် သွားရသောအခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့သွား၍ လူအပေါင်းတို့ကို စုဝေးပြီးလျှင် မှာစာကိုအပ်ပေးကြ၏။  ၃၁မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း၏အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။ ၃၂ယုဒနှင့်သိလတို့သည် ပရောဖက်ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်ကို တို့ကို ဆုံးမ၍မြဲမြံခိုင်ခန့်စေကြ၏။ ၃၃ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာ ပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။ ၃၄သို့သော်လည်း သိလသည် အလိုအလျောက်နေရစ်၏။ ၃၅ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမသြဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတည်းဟူသော ဧဝံဂေလိတရားကိုဟောပြောကြ၏။

၃၆အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို ဟော ပြောဘူးသော မြို့များတို့၌ ရှိသောညီအစ်ကိုတို့သည် အဘယ်သို့ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့ ဟု ဗာနဗအားဆို၏။ ၃၇ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကိုခေါ်မည်ဟု အကြံရှိ၏။ ၃၈ပေါလုက၊ ပံဖုလိပြည်၌ သူတို့နှင့်ခွါ၍  အမှုထမ်းရာသို့ မလိုက်မသွားသောထိုသူကို မခေါ်သင့်ဟု သဘောရှိ၏။ ၃၉ထိုအကြောင်းနှင့် အချင်းချင်းမသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကိုခေါ် ပြီးလျှင် ကုပရုကျွန်းသို့ လွှင့်လေ၏။ ၄ဝညီအစ်ကိုတို့သည် ပေါလုကို ဘုရားသခင်၏ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည် သိလ ကိုရွေးချယ်ပြီးလျှင် ထွက်၍၊ ၄၁သင်းတော်များကို မြဲမြံခိုင်ခန့်စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို ရှောက်သွား လေ၏။