တမန်တော်အခန်းကြီး(၁၈)


၁ထိုနောက်ပေါလုသည် အာသင်မြို့မှထွက်သွား၍ ကောရိသုမြို့သို့ရောက်လေ၏။ ၂ထိုအခါ ယုဒလူ အပေါင်းတို့သည် ယောမမြို့မှထွက်သွားရမည်အကြောင်း၊ ကလောဒိမင်းအမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသာ ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယားပြစ်ကိလနှင့်တကွ မကြာမမြင့်မှီရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍၊ ၃အလုပ်ချင်းတူသောကြောင့်  သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တပ်သော အချုပ်သမားဖြစ်ကြ၏။ ၄ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွှေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေး ဆောင်လေ၏။ ၅သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လောသောအခါ၊ ပေါလုသည် သူတို့ နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏အကြောင်းကို ယုဒလူတို့အားကြိုးစား၍ သက်သေခံလေ၏။ ၆ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏အသွေးသည် သင်တို့၏ခေါင်းပေါ်၌တည်စေ။ ငါမူကားကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုး သားတို့ဆီသို့ သွားမည်ဟုဆိုပြီးလျှင်၊ ၇ထိုအရပ်မှထွက်၍ ဘုရားသခင်ကိုကိုးကွယ်သော ယုတ္တုအမည်ရှိသော သူ၏အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့်စပ်လျက်ရှိသတည်း။ ၈ကရိပ္ပုအမည်ရှိသော တရားစရပ် မှူးသည် မိမိအိမ်သူအိမ်သားအပေါင်း တို့နှင့်တကွ သခင်ဘုရားကိုယုံကြည်လေ၏။ ကေရိသုပြည်သားအများတို့ သည်လည်း ယုံကြည်၍ ဗတ္တိဇံ ကိုခံကြ၏။

၉ညဥ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ် စွာမနေနှင့်။ ဟောပြောလော့။ ၁ဝငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှါ အဘယ်သူမျှ အနိုင်အထက် မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။ ၁၁ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်၍ တနှစ်နှင့်ခြောက်လပတ်လုံး နေလေ၏။

၁၂အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့်အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ယူသွားပြီးလျှင်၊ ၁၃လူတို့သည် ဘုရားကို မတရားသဖြင့် ကိုးကွယ်စေခြင်းငှါ၊ ဤသူသည် ဖြားယောင်းတတ်ပါသည်ဟု ဆိုကြ၏။ ၁၄ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်းယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိသည်အတိုင်း သည်းခံရမည်။ ၁၅သို့မဟုတ် စကားသော်၎င်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်၎င်း၊ သင်တို့၏ ဘာသာတရားသော်၎င်း၊ သင်တို့သည် အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သောအမှုကို စီရင်ခြင်းငှါ ငါအလိုမရှိဟုဆိုလျက်၊ ၁၆ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။ ၁၇ထိုအခါ ဟေလသလူ အပေါင်းတို့သည် တရားစရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင်ရှေ့မှာရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်း သည် အမှုမထားဘဲနေ၏။

၁၈ထိုနောက်မှ ပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်က သစ္စာကတိပြုသည်နှင့်အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့်အာကုလကို ခေါ်၍ရှုရိပြည်သို့ သင်္ဘောနှင့်လွှင့်လေ၏။ ၁၉ဧဖက်မြို့သို့ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွှေးနှီးနှောလေ၏။ ၂ဝထိုသူတို့သည် မိမိတို့နှင့်အတူ ပေါလုနေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျှက်၊ ၂၁ယခုရောက်လုနီးသောပွဲကို ယေရှုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင် အလိုတော်ရှိလျှင်၊ နောက်တဖန် သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့်အာကုလကို ဧဖက်မြို့၌ထား၍ သင်္ဘောနှင့်လွှင့်ပြန်လေ၏။ ၂၂ ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့သွားပြန်၏။ ၂၃ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း ရှောက်သွားသဖြင့် တပည့်အပေါင်းတို့ကို မြဲမြံခိုင်ခံ့စေ၏။

၂၄အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူတယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့်ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။ ၂၅သခင်ဘုရား၏ဘာသာ၌ လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမသြဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံ ကိုသာသိ၏။ ၂၆ထိုသူသည် တရားစရပ်၌ ရဲရင့်စွာဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကိုသာ၍ သေချာစွာ သင်ကြားကြ၏။ ၂၇ထိုသူသည် အခါယပြည်သို့ သွားခြင်းငှါ အလိုရှိသည်ဖြစ်၍ တပည့်တော်ချင်း တို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည် မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သောသူတို့ကို အလွန်ထောက်မလေ၏။ ၂၈ယေရှုသည် ခရစ်တော်ဖြစ်တော် မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။