တမန်တော်အခန်းကြီး(၂၀)


၁ထိုရုန်ရင်းခတ်သောအမှုငြိမ်းသောအခါ၊ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။ ၂ထိုအရပ်များသို့ရှောက်သွား၍ တပည့်တော်တို့ကို စကားများနှင့်ဆုံးမပြီးမှ ဟေလသပြည်သို့ရောက်လာ၏။ ၃သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့သွားမည်ပြုသော်၊ ယုဒလူတို့ သည် မကောင်းသောအကြံကိုကြံသောကြောင့် မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟုအကြံရှိပြန်၏။ ၄ပေါလုနှင့်အတူ အာရှိပြည်သို့လိုက်သောသူဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ လုတ္တရမြို့သာ တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။ ၅ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက်နေ ကြ၏။ ၆အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့်လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ရောက်၍ ခုနစ်ရက်နေကြ၏။

၇ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ထွက် သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက်နေလေ၏။ ၈စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။  ၉ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက်နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက်နေ၏။ ပေါလုသည် ကြာမြင့်စွာဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့ လျော့ကျ၍ သေသည်ကိုသူတို့သည်ချီကြွကြ၏။ ၁ဝပေါလုသည်လည်း အောက်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုလှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲမပြုကြနှင့်။ သူသည်အသက်ရှိ၏ဟုဆို၍ တက်ပြန်၏။ ၁၁မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။ အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။

၁၃ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အာဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့လွှင့်ကြ၏။ ပေါလုသည် ထိုမြို့သို့ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။ ၁၄အဿုမြို့၌ သူသည်ငါတို့နှင့် တွေ့မိလျင်၊ သူ့ကိုခံယူ၍မိတုလင်မြို့သို့သွားကြ၏။ ၁၅ထိုမှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက် သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ ရောက်ကြ၏။ ၁၆ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ရောက်နိုင်လျှင် ရောက်ခြင်းငှါ ကြိုးစားသည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့် ဧဖက်မြို့မှာမဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဌာန်းလျက်ရှိနှင့်သတည်း။

၁၇မိလက်မြို့သို့ရောက်မှ ပေါလုသည်ဧဖက်မြို့သို့စေလွှတ်၍ သင်းအုပ်များကိုခေါ်လေ၏။ ၁၈သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိပြည်သို့ ရောက်သောနေ့မှစ၍ ယခုတိုင်အောင် သင်တို့ရှေ့မှာ အဘယ်သို့ကျင့်နေသည်ကို သင်တို့သိကြ၏။ ၁၉အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံလျက်၊ သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။ ၂ဝသင်တို့အကျိုးပြုစုရာ တစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌‚င်၊ အိမ်များ၌၄င်း၊ သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေးသဖြင့်၊ ၂၁ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရား ကို၎င်း၊ ငါတို့သခင် ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့သိကြ၏။

၂၂ယခုမှာ ငါသည်ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။ ၂၃သို့သော်လည်း ချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကို ဆိုင်းလင့်သည်ဟု သန့်ရှင်းသောဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အားသက်သေခံတော်မူ၏။ ၂၄သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏ လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေမည် အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှုတစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်းနှမြောခြင်းမရှိ။ ၂၅ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှသည် နောက်တဖန် ငါ့မျက်နှာကို မမြင်ရကြဟု ငါသိ၏။ ၂၆ထိုကြောင့် လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ၏။ ၂၇ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွဲမရှောင်ဘဲ ပြုခဲ့ပြီ။

၂၈ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ် တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ ၂၉အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊ ၃ဝတပည့်တော်များ ကို သွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌ပေါ်လာမည်ကို၎င်း ငါသိ၏။ ၃၁ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။

၃၂ညီအစ်ကိုတို့၊ ယခုငါသည် သင်တို့ကို ဘုရားသခင်၌အပ်နှံ၏။ သင်တို့ကိုတည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့်အတူ သင်တို့အားအမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူး တော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။ ၃၃သူ့ရွှေငွေအဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။ ၃၄ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဘော်တို့ကို၎င်း လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။ ၃၅ထိုသို့ သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသောသူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသောစကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊ ၃၆ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်းတို့နှင့်တကွ ဆုတောင်းလေ၏။ ၃၇ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏လည်ပင်းကို ဘက်ယမ်းလျက် သူကို နမ်းကြ၏။ ၃၈နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသောစကားကြောင့် သာ၍ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။