တမန်တော်အခန်းကြီး(၂၃)


၁ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊ ၂ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကို ရိုက်လော့ဟု အနား၌ရပ်နေသော သူတို့အား အမိန့်ရှိ၏။ ၃ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည်အကျွန်ုပ်ကို တရားနှင့် အညီစီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။ ၄အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ် မင်းကို ဆဲသလောဟုမေးလျှင်၊ ၅ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကို အကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို သင်သည်မကဲ့ရဲ့ရဟု ကျမ်းစာ၌လာသည်ဟုဆို၏။

၆ထိုအရာရှိတို့တွင်အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင် လျှင်၊ ညီအစ်ကိုတို့ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက် မည်ဟု မြော်လင့်ဖြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်အပေါ်မှာ ကြွေးကြော်လေ။ ၇ထိုအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် အချင်းချင်းငြင်းခုန်၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လ၏။ ၈ကွဲပြားသည်အကြောင်းကာ၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ နံဝိညာဉ် မရှိဟု ယူကြ၏။ ဖာရိရှဲတို့က နှစ်ပါစလုံးရှိသည်ဟု ဝန်ခံကြ၏။ ၉အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌ နေသော ကျမ်းဆရာတို့သည် ထလျက်ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နံဝိညာဉ်သော်၎င်း၊ ကောင်းကင်တမန်သော်၎င်း သူ့ကိုပြောလျှင်၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။ ၁ဝအချင်းချင်းငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကိုဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။

၁၁နက်ဖြန်နေ့ညဥ့်တွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်း ခံရဦးမည်ဟု မိန့်တော်မူ၏။

၁၂မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်း မစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။ ၁၃ ထိုသို့သင်းဖွဲ့သောသူတို့သည် လေးကျိပ် မကရှိ၏။ ၁၄ထိုသူတို့သည်ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ထံသို့ သွား၍၊ အကျွန်ုပ်တို့သည် ပေါလုကို မသတ်မည်တိုင်အောင် အလျင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။ ၁၅ထိုကြောင့်၊ နက်ဖြန်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကိုသာ၍ စေ့စေ့စစ်ကြော  မည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကိုလျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။

၁၆ထိုသို့ လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏တူသည် ကြားလျှင် ရဲတိုက်ထဲသို့ဝင်၍ ပေါလုအား ကြားပြောလေ၏။ ၁၇ပေါလုသည် တပ်မှူးတယောက်ကိုခေါ်၍ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစုံတခုရှိသည်ဟု ဆိုသော်၊ ၁၈တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ပို့ပြီးလျှင်၊ အကျဉ်းခံရ သောပေါလုသည် အကျွန်ုပ်ကိုခေါ်၍၊ ကိုယ်တော်အား လျှောက်စရာတစုံတခုရှိသော ဤလုလင်ကို ကိုယ်တော်ထံသို့ပို့စေခြင်းငှါ တောင်းပန်ပါသည်ဟုလျှောက်၏။ ၁၉စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ သင်သည် အဘယ်အကြောင်းကိုငါ့အား လျှောက်ချင်သနည်း ဟု မေးမြန်လေ၏။ ၂ဝလုလင်ကလည်း၊ ကိုယ်တော်သည်နက်ဖြန်နေ့၌ ပေါလုကိုလွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန် ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင်ညိ‡ည¸တ်ကြပါပြီ၊ ၂၁သို့ရာတွင် သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ အဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ပေါလုကို ချောင်း၍နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့် စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့် ပါပြီဟု လျှောက်လေ၏။

၂၂စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ကြားလျှောက်သည်ကို အဘယ်သူအားမျှ မပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊ ၂၃တပ်မှူးနှစ်ယောက်ကိုခေါ်၍၊ ယနေ့ညဥ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲ ခုနစ်ကျိပ်၊ လှံကိုင်သူရဲ နှစ်ရာ တို့ကိုပြင်ဆင်ကြ။ ၂၄ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကို ပြင်၍ပေးကြ။ သူ့ကိုဖေလဇ်မင်းထံသို့ ကြပ်မ၍ပို့ကြဟု  အမိန့်ရှိ၏။ ၂၅စစ်သူကြီးသည် ရေး၍ပေးလိုက်သောစာဟူမူကား၊ ၂၆ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်း ဖေလဇ်ကို မေတ္တာနှင့်ကြားလျှောက်လိုက်ပါသည်။ ၂၇ယုဒလူတို့သည် ဤသူကိုဘမ်းဆီး၍ သတ်မည် ပြုကြစဉ်၊ သူသည် ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါသည်။ ၂၈ယုဒလူတို့သည် အဘယ်အပြစ်ကြောင့် သူနှင့်အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့် သူ့ကိုယူ၍ လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊ ၂၉အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့်စပ်ဆိုင်သော ပုစ္စာအမေးကိုအကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။ ၃ဝယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုပ်ရိပ်မိလျှင်၊ သူ့ကိုကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ၏။ ကိုယ်တော်ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။

၃၁စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကိုယူ၍၊ ညဥ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက် ပြီးမှ၊ ၃၂နက်ဖြန်နေ့၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါလွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။ ၃၃မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏စာကို မြို့ဝန်မင်းလက်သို့ အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌သွင်းထားကြ၏။ ၃၄မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ၊ အဘယ်မြို့နှင့်ဆိုင်သနည်းဟု မေး၍ ကိလိကိပြည်သား ဖြစ်သည်ကို ကြားသိလျှင်၊ ၃၅သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟုဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။