တမန်တော်အခန်းကြီး(၂၄)


၁ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။ ၂ပေါလုကိုခေါ် ပြီးမှ၊ တေရတုလုသည် အပြစ်တင်သောစကားကို လျှောက်ဆိုသည်မှာ၊ မြတ်တော်မူသော ဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကိုခိုလှုံ၍ အလွန်ငြိမ်သက်စွာနေရသဖြင့် ကိုယ်တော်ကြည့်ရှု ပြုစုတော်မူခြင်းကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါသည်ဖြစ်၍၊ ၃အရပ်ရပ်တို့၌ အကျွန်ုပ် တို့သည် အစဉ်မပြတ်ကျေးဇူးတော်ကို အလွန်သိတတ်သောစိတ်နှင့် ခံရပါ၏။ ၄အကျွန်ုပ်သည် ကိုယ်တော်ကို ကြာမြင့်စွာ နှောင့်ရှက်ခြင်းအပြစ်နှင့် လွှတ်ခြင်းငှါ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြေးညှင်းသော စိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။ ၅နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သောဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။ ၆သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး၍၊ အကျွန်ုပ်တို့ တရားအတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင်၊ ၇စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊ ၈အမှုလုပ်သော သူတို့ကို ကိုယ်တော်ထံသို့သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်းအရာများကို သေချာစွာ သိနိုင်တော် မူမည်ဟု လျှောက်ထား၏။ ၉ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။

၁ဝမြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသောအခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူ မျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ်သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာစကားကို လျှောက်ဝံ့ပါ၏။ ၁၁အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့သို့တက်သွား၍၊ ယခုတဆယ်နှစ်ရက်သာ ရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။ ၁၂ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အကျွန်ုပ်ဆွေးနွှေးငြင်းခုံ သည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌၄င်း၊ မြို့ထဲ၌၄င်း၊ လူများကိုမငြိမ်မသက်စေခြင်းငှါ အကျွန်ုပ်နှိုးစော် သည်ကို သူတို့မတွေ့ကြပါ။ ၁၃ယခုတွင် အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင်ကြပါ။ ၁၄သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း အကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေး ထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။ ၁၅ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မြော်လင့်ပါ၏။ ၁၆ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ သူတို့ကိုပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွှတ်မည် အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုပ်ပါ၏။

၁၇နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသားချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည်တွင်၊ ၁၈ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ်မျှမပြုဘဲ၊  စင်ကြယ်ခြင်းကိုပြုလျက် ရှိသည်ကို၊ အာရှိပြည်က လာသောယုဒလူအချို့တို့သည်တွေ့ကြပါ၏။ ၁၉ထိုသူတို့သည် အကျွန်ုပ်၌ အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ကိုယ်တိုင်လာ၍ အပြစ်တင်အပ်ပါ၏။ ၂ဝသို့မဟုတ် အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊ ၂၁အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု ကြွေးကြော်သောစကားသံ တခွန်းကိုထားလျှင်၊ အကျွနုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည်ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေ ဟု ပေါလု လျှောက်၏။

၂၂ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲသူတို့ကို လွှတ်လိုက်၏။ ၂၃ပေါလုကိုအကျဉ်းမထားဘဲ စောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေးကြစေဟု တပ်မှူးကိုမှာထား၏။

၂၄ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်း ဒြုသိလေနှင့် တကွလာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သော စကားကိုနားထောင်လေ၏။ ၂၅ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်းတရားကို၎င်း၊ နောင်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ ယခုသွားဦးလော့။ နောက်မှ အဆင်သင့် သောအခါ ငါခေါ် ဦးမည်ဟု ဆို၏။ ၂၆ပေါလုသည် မိမိလွှတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည် ထင်မှတ်လျှက်၊ မကြာမကြာ ပေါလုကိုခေါ်၍ သူနှင့်စကားပြောလေ၏။ ၂၇နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း ၏အရာကိုရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒလူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကိုအကျဉ်းထားရစ် စေ၏။