တမန်တော်အခန်းကြီး(၂၆)


၁ထိုအခါ အဂြိပ္ပမင်းက၊ သင်သည် ကိုယ်အဘို့အလိုငှါ ပြောရသောအခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။ ၂-၃အဂြိပ္ပမင်းကြီး၊ ယုဒလူတို့သည် အကျွန်ုပ် ကိုအမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌အပြစ်ဖြေစရာစကားကို ယနေ့ပြောရမည်အကြောင်းကို၎င်း၊ ထိုမျှ မက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္စာအမေးများကို လေ့ကျက်တော်မူကြောင်းကို၎င်း အကျွန်ုပ်ထောက်၍ ကိုယ်၌ မင်္ဂလာရှိသည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသောစိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော် မူမည်အကြောင်း အသနားတော်ခံပါ၏။

၎ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်ရွယ်မှ စ၍၊ အကျွန်ုပ်၏အနေအထိုင်အပြုအမူများကို ယုဒလူအပေါင်းတို့သည် သိကြပါ၏။ ၅အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကြပ်တည်းစွာသော နည်းဥပဒေသကို ခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေ့ဦးစွာကပင်သိကြပါ၏။ ၆ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသောဂတိတော်ကို ထောက်၍ မြော်လင့်ခြင်းတရား အကြောင်းကြောင့် အကျွန်ုပ်သည် ယခုတွင်စစ်ကြောစီရင်ခြင်းကို ခံရပါ၏။ ၇ယုဒလူ တဆယ်နှစ်မျိုးတို့သည် နေ့ညဥ့်မပြတ်ကြိုးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုဂတိတော်အတိုင်း ခံရမည် ဟုမြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။ ၈သေလွန်သောသူတို့ကို ဘုရားသခင်ထမြောက်စေတော်မူမည်ဟူသော အယူကို မယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။

 

၉နာဇရက်မြို့သားယေရှု၏ နာမတော်နှင့်ဆန့်ကျင်သောအမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊ ၁ဝယေရုရှလင်မြို့၌ ထိုအမှုကိုပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်း သူအများတို့ကို ထောင်ထဲမှာလှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကိုခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။ ၁၁ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့်ပြစ်မှားစေခြင်းငှါ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသော တရားစရပ်တို့၌ ကြိမ်ဖန်များစွာဒဏ်ပေးပါ၏။ ပြင်းစွာသောအမျက်ဒေါသနှင့် ယစ်မူးသဖြင့် တကျွန်းတနိုင်ငံတိုင်အောင် သူတို့ကိုညှဉ်းဆဲနှိပ်စက်ပါ၏။

၁၂ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ ပေးသောအခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ်တွင်၊ ၁၃နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူသွားသောသူ များပတ်လည်၌ ကောင်းကင်ထဲကထွန်းတောက်သည်ကို၊ မွန်းတည့်အချိန်တွင် လမ်းထဲမှာအကျွန်ုပ်မြင်ရပါသည်၊  အရှင်မင်းကြီး။ ၁၄အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာလဲ၍နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကို အဘယ်ကြောင့် ညှဉ်းဆဲသနည်း။ ဒုတ်ချွန်ကို ခြေနှင့်ကျောက်လျှင်ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသောစကားသံကို အကျွန်ုပ်ကြားလျှင်၊ ၁၅သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်မေး လျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။ ၁၆သို့သော်လည်း၊ ထ၍ မတ်တပ်နေလော့။ ၁၇ငါသည် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့လက်မှ သင့်ကိုကယ်လွှတ်၍၊ ၁၈သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှငါသည် သင့်အားထင်ရှားလတံ့သော အကြောင်းအရာတိုမှာ အမှုဆောင်ရွက်သောသူ၊ သက်သေခံသော သူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အားထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှအလင်း သို့ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့နှင့်ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကို ဖွင့်စေခြင်းငှါ သူတို့ဆီသို့ သင့်ကိုငါစေလွှတ်မည်ဟု မိန့်တော်မူ၏။

၁၉အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။ ၂ဝလူတို့သည် နောင်တရရမည်။ နောင်တရခြင်းနှင့်ထိုက်တန်သော အကျင့်ကိုကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည် အရပ်ရပ်၌ နေသောသူတို့အား၎င်း၊ တပါးအမျိုးသားတို့အား၎င်း၊ ဟောပြောပါ၏။ ၂၁ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဘမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။ ၂၂သို့ရာတွင် ဘုရားသခင်မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊ ၂၃ယခုတိုင်အောင် ရှိနေရပါ၏။ ခရစ်တော်သည် အသေ သတ်ခြင်းကို ခံရမည်ဟူ၍၄င်း၊ သေခြင်းမှအဦးဆုံးထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၄င်း၊ မောရှေ မှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။

၂၄ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ရောက်ခဲ့ပြီဟု ကြီးသောအသံနှင့်ဆို၏။ ၂၅ပေါလုကလည်း၊ မြတ်တော်မူသော ဖေတ္တုမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သောစကားကိုပြောပါ၏။ ၂၆ဤအရာများကို အဂြိပ္ပမင်းကြီးသိတော်မူ၏။ ထိုမင်းအရှေ့၌ အကျွန်ုပ်အတည့် အလင်းလျှောက်ဝံ့ပါ၏။ ဤအမှုအရာတစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟု အကျွန်ုပ်ထင်ပါ၏။ ဤအကြောင်းမူကား၊ ဤအမှုသည် စိတ်ကွယ်ရာအရပ်၌ ပြုသောအမှုမဟုတ်ပါ။ အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော် သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။ ၂၈အဂြိပ္ပမင်းကလည်း၊ သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည်ခရစ်ယာန်ဖြစ်လုပြီဟု ပေါလု အားပြောဆိုလျှင်၊ ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူ ဖြစ်လုသည်သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ်ဆုတောင်းပါသည်ဟု လျှောက်လေ၏။ ၃ဝထိုအခါ မင်းကြီးနှင့် ဗေရနိတ်သည်ထ၍ မြို့ဝန်မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ၊ ၃၁အခြားသို့သွားပြီးလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်းခံ ထိုက်သောအမှုကို မပြုဟုအချင်းချင်း ပြောဆိုကြ၏။ ၃၂အဂြိပ္ပမင်းကလည်း၊ ဤသူသည် ကဲသာဘုရင်၏အယူ တော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတုမင်းအားဆို၏။