တမန်တော်အခန်းကြီး(၂)


၁ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။ ၂ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏခြင်းတွင်ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သော အိမ်ကို ဖြည့်လေ၏။ ၃ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့ အပေါ်၌ တည်နေကြ၏။ ၄ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မည်သည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။

၅ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသောလူမျိုးထဲက တရားကိုရိုသေသော ယုဒလူ တို့သည် ယေရှုရှလင်မြို့၌ တည်းနေကြသတည်း။ ၆ထိုအသံကိုကြားရသောအခါ၊ လူများတို့သည် စုဝေးလာ ကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ဘာသာစကားဖြင့် တမန်တော်တို့ ဟောပြောသည်ကို ကြားရ၍မှိုင်တွေလျက် ရှိနေကြ၏။ ၇ထိုလူအပေါင်းတို့သည် အံ့သြမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြော သောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။ ၈သို့ဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဘွား ရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။ ၉ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊ ၁ဝဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည် ၌နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊ ၁၁ကရေတေပြည်သား၊ အရပ်ပြည်သား၊ အသီးသီးဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ ၁၂ထိုလူအပေါင်းတို့သည် မိန်းမောတွေးတောသော စိတ်ရှိသည်နှင့်၊ ဤအမှုအရာသည် အဘယ်သို့သောအမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက် ပြောဆိုကြ၏။ ၁၃လူအချို့တို့က၊ ဤသူတို့သည် ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။

၁၄ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည် ထလျှက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့်ဟောပြောသည်ကား၊ ယေရှုရှလင်မြို့သားနှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာ ကိုသိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။ ၁၅ယခုအချိန်ကား နံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင် ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။ ၁၆ဤအရာကား ပရောဖက် ယောလ ဟောဘူးသောအရာဖြစ်သတည်း။ ၁၇ဟောဘူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ကြရလိမ့်မည်။ အသက်ကြီးသောသူတို့ သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ကြရလိမ့်မည်။ ၁၈ထိုကာလ၌လည်း ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ ၁၉အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ် မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။ ၂ဝထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။ ၂၁ထိုအခါ ထာဝရ ဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့ဟု ဘုရားဗျာဒိတ်တော် ရှိ၏။

၂၂ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍ ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော် အားဖြင့်၎င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ကွပ်မျက်ကြပြီ။ ၂၄ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကိုဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။ ၂၅ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်အပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည် ဖြစ်၍ ငါသည်လှုရှားခြင်းမရှိရ။ ၂၆ထိုကြောင့်ငါ့ စိတ်နှလုံးသည်သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်းရွှင်လန်းခြင်းရှိ၏။ ထိုမှတပါးငါ့အသားသည်မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ ၂၇အကြောင်း မူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ဝိညာဉ်ကိုမရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြည¸န်တော်မူလိမ့်မည်။ ၂၈မျက်နှာ တော်ကို ဖူးမြင်ရသောအားဖြင့်ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မ်ဟု ဒါဝိဒ်ဆိုသတည်း။

၂၉ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သောဒါဝိဒ်၏ အကြောင်းကိုငါသည်သင်တို့အားအတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။ ၃ဝထိုသူသည်မိမိအမျိုးအနွှယ် ထဲကလူဇာတိအားဖြင့် ခရစ်တော်ကိုဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဥာဏ်အားဖြင့်သိ၍၊ ၃၁ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ အသားသည်လည်းပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။ ၃၂ထိုယေရှုကိုဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။ ၃၃ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည်ဂတိတော် နှင့်ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍သင်တို့သိမြင်ကြားရသော အရာကိုညွန်း လောင်းတော်မူ၏။ ၃၄ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊ ၃၅သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါ မချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ်စကားရှိ၏။ ၃၆ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌၄င်း၊ အစိုးရသောအရှင်အရာ၌၄င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။

၃၇ထိုသူတို့သည် ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။ ၃၈ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ၃၉အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီး တို့နှင့်၎င်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။ ၄ဝထိုမှတပါး သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တယ်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသော စကားနှင့်သက်သေခံ၍ တိုက်တွန်း သွေးဆောင်လေ၏။

၄၁ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံ ကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။ ၄၂ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊ ၄၃လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။ ၄၄ယုံကြည်သောသူအပေါင်းတို့သည် တစုတဝေးတည်းနေသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ ၄၅မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှခြင်းကိုပြုကြ၏။ ၄၆ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီအညွတ်တည်းနေ၍၊ ကိုယ်အိမ်၌မုန့်ကို ဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။ ၄၇ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်းအခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။