တမန်တော်အခန်းကြီး(၄)


၁ထိုသို့ တမန်တော်တို့သည် လူများတို့အား ဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရော ဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊ ၂တမန်တော်တို့သည် လူများတို့အား ဆုံးမသြဝါဒပေး၍ ယေရှုကို အကြောင်းပြုလျက် သေခြင်းမှထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်း ရှိသည်နှင့်၊ ၃တမန်တော်တို့ကို ဘမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။ ၄တရားနာသောသူများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါး ထောင်မျှလောက်ရှိကြ၏။

၅နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊ ၆ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊ ၇တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏ နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။

၈ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊ လူများကိုအစိုးရသော မင်းတို့နှင့် ဣသရေလအမျိုး အကြီးအကဲတို့၊ ၉အင်္ဂါချို့တဲ့သောသူတို့ ကျေးဇူးပြု၍၊ သူသည်အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည် ယနေ့အစစ်ခံရလျှင်၊ ၁ဝသင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျမ်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလူအပေါင်းတို့ သိမှတ်ကြလော့။ ၁၁ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋိဖျားသို့ ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါး အဘယ်သူမျှကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ၁၂ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။

၁၃ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်သတ္တိကိုမြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့သြ၍နေကြ၏၊ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူရှိသည်ကို သတိရ၍၄င်း၊ ၁၄အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကိုမြင်၍၄င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိ မတွေ့ကြ။ ၁၅တမန်တော်တို့ကို လွှတ်တော်မှထွက်သွားစေပြီးလျှင်၊ ဤသူတို့ကိုအဘယ်သို့ပြုရမည်နည်း။ ၁၆သူတို့သည် ထင်ရှားစွာသောနိမိတ်လက္ခဏာကို ပြပြီးသည်ကို ယေရုရှလင်မြို့၌ နေသောသူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။ ၁၇သို့သော်လည်း လူများထဲ၌သာ၍ မနှံ့မပြားစေ ခြင်းငှါ၊ နောက်တဖန် ထိုနာမကိုအမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အခြင်းခြင်းတိုင်ပင်ပြီးမှ၊ ၁၈တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကို အမှီပြုလျှက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်ဟု အမိန့်ရှိကြ၏။

၁၉ပေတရုနှင့်ယောဟန်တို့ကလည်း၊ ဘုရားသခင်၏စကားတော်ကို နားထောင်သည်ထက် သင်တို့၏ စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍စီရင်ကြလော့။ ၂ဝငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အားဆိုကြ၏။ ၂၁ထိုအခါ တမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့်သောအကြောင်းကို မတွေ့သဖြင့် တဖန်ခြိမ်းချောက်ပြီးလျှင် လွှတ်ကြ၏။ ၂၂အကြောင်းမူကား၊ အနာကင်းခြင်းနိမိတ်လက္ခဏာကို ခံရသောသူသည် အသက်လေးဆယ် ကျော်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။

၂၃တမန်တော်တို့သည် လွှတ်သောအခါ မိမိတို့အပေါင်းအသင်းရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရော ဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ပြောဆိုသမျှကို ပြန်ကြားကြ၏။ ၂၄ထိုသူများတို့သည် ကြားလျှင်၊ တညီတညွတ်တည်း ဘုရားသခင်ထံသို့ အသံကိုလွှင့်လျက်၊ အစိုးရတော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင် ဖြစ်တော်မူ၏။ ၂၅ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီးကြံစည်ကြသနည်း။ ၂၆လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရား နှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော်ကျွန်ဒါဝိဒ်၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူ သည်နှင့်အညီ၊ ၂၇ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တပါးအမျိုးသားတို့သည်၊ ၂၈ကိုယ်တော်၏ အလိုရှိသည် အတိုင်း၊ ရှေးမဆွက လက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိက်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန်ဖြစ်ပါ၏။ ၂၉အိုထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်းချောက်ခြင်းကို မှတ်တော်မူပါ။ ၃ဝအနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကိုဆန့်တော်မူ၍၊ သန့်ရှင်းသောသားတော် ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့သြဘွယ်သောအမှုတို့ကို ဖြစ်တော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်း ကြ၏။ ၃၁ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။

၃၂ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံးတညီတညွတ်တည်း ရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာ တစုံတခုကို ငါ့ဥစ္စာဟု၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ ၃၃ဘုရားသခင် ယေရှုထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍၊ ထိုသူ အပေါင်းတို့သည် ကြီးသောကျေးဇူးတော်နှင့် ပြည့်စုံကြ၏။ ၃၄ထိုသူတို့တွင် ဆင်းရဲသောသူ တယောက်မျှမရှိ၊ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကိုပိုင်သောသူ ရှိသမျှတို့သည်ရောင်းပြီးလျှင် ရသောအဘိုးကိုယူဆောင်ခဲ့၍၊ ၃၅တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှပေးကမ်းကြ၏။

၃၆ယောသေအမည်ရှိ၍ သက်သက်စေခြင်း၏သားဟု ဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိလူတယောက်သည်၊ ၃၇မိမိပိုင်သောမြေကိုရောင်းပြီးလျှင်၊ ရသောငွေကို ယူဆောင်ခဲ့၍ တမန်တော်တို့၏ခြေရင်း၌ ထားလေ၏။