တမန်တော်အခန်းကြီး(၉)


၁ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်စွာအသက်ရှုသဖြင့်၊ ၂ထိုဘာသာဝင်သော ယောက်ျားမိန်းမတို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ရှိသော တရားစရပ်မှူးတို့ထံသို့ မှာစာပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍တောင်းပြီးမှ၊ ၃သွား၍ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲကအလင်းသည် သူပတ်လည်၌ ရုတ်ကနဲထွန်းတောက်လေ၏။ ၄ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ် ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု မိမိအားပြောသောစကားသံကိုကြားလျှင်၊ ၅သခင်၊ ကိုယ်တော်သည်အဘယ် သူနည်းဟု မေးလျှောက်၏။ ဘုရားသခင်ကလည်း၊ ငါကား သင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း။ ၆သို့သော် လည်း ထ၍မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟု မိန့်တော်မူ၏။ ၇ရှောလုနှင့်အတူ သွားသော သူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။ ၈ရှောလုသည်လည်း မြေမှထ၍ မျက်စိကိုဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက်၊ ဒမာသက်မြို့သို့ ပို့ဆောင်ကြ၏။ ၉သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲနေလေ၏။

၁ဝထိုအခါ အာနနိအမည်ရှိသော တပည့်တော်တယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ခေါ်တော်မူလျှင်၊ နာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည် ဟုလျှောက်၏။ ၁၁သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်းဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်း လျက်နေ၏။ ၁၂မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိသောသူသည် ဝင်၍၊ မိမိအပေါ်၌လက်တင်သည် ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီဟု မိန့်တော်မူ၏။ ၁၃အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင် မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။ ၁၄ဤအရပ်၌လည်း ကိုယ်တော်ကို ပဌနာပြုသောသူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရပါသည်ဟုပြန်လျှောက်၏။ ၁၅သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။ ၁၆အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။ ၁၇အာနနိသည်လည်း သွား၍အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိမြင်ပြန်စေခြင်းငှါ၎င်း၊ သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ၎င်း ငါကိုစေခန့်တော်မူသည်ဟု ပြောဆို၏။ ၁၈ထိုခဏ၌ရှောလု၏မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ ဗတ္တိဇံ ကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။

၁၉ထိုနောက်ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍၊ ၂ဝယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့်ဟောလေ၏။ ၂၁ကြားသော သူအပေါင်းတို့သည် အံ့သြ၍၊ ဤသူကား၊ ထိုသခင်ကို ပဌနာပြုသော သူတို့ကို ယေရုရှလင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ်သို့လာသော သူဖြစ်သည်မဟုတ်လောဟု ဆိုကြ၏။ ၂၂ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌ နေသော ယုဒ လူတို့သည် ပြောသမျှသောစကားကို ချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။

၂၃ကလကြာမြင့်ပြီးမှ ရှောလုကိုသတ်အံ့သောငှါ၊ ယုဒလူတို့သည် အချင်းချင်းတိုင်ပင်ကြ၏။ ၂၄ထိုအကြံ အစည်ကို ရှောလုသည် သိ၏။ သူ့ကိုသတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဥ့်မပြတ် စောင့်ကြသောကြောင့်၊ ၂၅တပည့်တော်တို့သည် ညဥ့်အခါ သူ့ကိုယူ၍ တောင်း၌ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျော့ချကြ၏။

၂၆ယေရုရှလင်မြို့သို့ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့် တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။ ၂၇ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ ဘုရားသခင်ကို မြင်သည်ဟူ၍၄င်း၊ သူ့အား မိန့်တော်မူသည်ဟူ၍၄င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍၄င်း ပြောလေ၏။ ၂၈ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏နာမတော်ကို အမှီပြု၍ ရဲရင့်စွာဟောလျက်နေ၏။ ၂၉ဟေလေနစ်လူတို့နှင့် နှီးနှော ပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။ ၃ဝထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။

၃၁ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌၄င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။

၃၂ပေတရုသည် အရပ်ရပ်တို့ကိုလှည့်လည်သည်တွင် သန့်ရှင်းသူတို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။ ၃၃ထိုအရပ်၌ အဲနေအမည်ရှိသော လက်ခြေသေ၍ ရှစ်နှစ်ပတ်လုံး အိပ်ယာ၌ တုံးလုံးနေသောသူတယောက်ကို တွေ့လျှင်၊ အဲနေ ယေရှုခရစ်သည် သင့်အား ချမ်းသာပေးတော်မူ၏။ ၃၄ထ၍ အိပ်ယာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။ ၃၅လုဒ္ဒမြို့နှင့် ရှာရုန်မြို့၌ နေသောသူအပေါင်းတို့သည် ထိုသူကို မြင်၍ သခင်ဘုရား ထံတော်သို့ ပြောင်းလဲကြ၏။

၃၆ယုပ္ပေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသအမည်ရှိသော တပည့်တော်မတယောက်ရှိ၏။ ထိုမိန်းမ သည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံလျက်၊ ၃၇ထိုအခါ၌ နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌ တင်ထားကြ၏။ ၃၈လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရုရှိကြောင်း ကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန်ကြွလာပါမည်အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။ ၃၉ပေတရုသည်ထ၍ ထိုသူတို့နှင့်အတူလိုက်လေ၏။ ရောက်လျှင် အထက်ခန်း သို့ခေါ်ပင့်၍ မုတ်ဆိုးမများတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါ လုပ်ခဲ့သောအင်္ကျီနှင့်အဝတ် များကို ပြလျက်ရှိကြ၏။ ၄ဝပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက်စေသည်နောက် ကိုယ်တိုင်ဒူးထောက် ၍ ဆုတောင်းပဌနာပြုပြီးလျှင် ထိုအလောင်းသို့ မျက်နှာလှည့်၍ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမသည် မျက်စိကိုဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။ ၄၁ပေတရုသည် မိမိလက်ကိုသူ့အားပေး၍ ချီကြွပြီးမှ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကိုပြလေ၏။ ၄၂ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြားသိကြ၍၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ရောက်ကြ၏။ ၄၃ပေတရုသည် ယုပ္ပေမြို့ ၌ ရှိမုန်အမည်ရှိသော သားရေလုပ်သမားနှင့် အတူကြာမြင့်စွာနေ၏။